ကချင်စု

ကချင်စု

ကချင်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် တောင်ပေါ်နှင့် မြေပြန့်ဒေသများ၊ ဆွမ်ပရာဘုံမြို့နယ်၊ ကာမိုင်းမြို့နယ်၊ မိုးကောင်းမြို့နယ်၊ ဆဒုံးမြို့နယ်၊ အနောက်တောင်ပိုင်းဒေသ ဗန်းမော်ခရိုင်၊ ရွေဂူမြို့နယ်၊ စိန်လုံမြို့နယ်နှင့် မြစ်ကြီးနားခရိုင်တို့တွင် နေထိုင်ကြသည်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဒေသရှိ အာသံပြည်နယ်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ အနောက်တောင်ပိုင်းဒေသရှိ ယူနန် ပြည်နယ်တို့နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသော မြန်မာနိုင်ငံမြောက်ပိုင်းတွင် အခြေချနေ ထိုင်ကြသည်။

ထရုမ်းလူမျိုး

ထရုမ်းလူမျိုးတို့သည် ကချင်ပြည်နယ်၊ ခါကာဘိုရာဇီတောင်ခြေနှင့် မေခမြစ်ဖျား အဒွန်မြစ် ဝှမ်းဒေသတွင် အများဆုံးနေထိုင်ကြသည်။ ထဂုံမြစ် မြစ်ဖျားခံရာဒေသမှ ဆင်းသက်လာသဖြင့် ထရုံလူမျိုးဟုအမည်တွင်သည်။ လွန်ခဲ့သောနှစ်ပေါင်း ၂၀၀ခန့်ကပင် ထိုဒေသမှ ဆင်းသက်ခဲ့ကြပြီး ကချင်ပြည်နယ်တွင် အခြေချ နေထိုင်ခဲ့ကြသည်။ ထရုမ်းလူမျိုးနွယ်စုများ၏အရပ်သည် ၁၁၀ စင်တီမီတာသာရှိသည် နောက်ပိုင်း အခြားမျိုးနွယ်စုများနှင့် လက်ထပ်ကြသောကြောင့် အရပ် အမောင်းများပါ ရှည်လာကြသည်။

ဒလောင်

မြန်မာနိုင်ငံမြောက်ပိုင်း မေခမြစ်ဖျား အဒုံလောင်နှင့် ဆန်ခူးလောင်ဒေသတွင် ရဝမ်အနွယ် ဝင် ထလု၊ ထရုမ်းလူမျိုးများနှင့် ရောနှာနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးဖြစ်သည်။ ဒလောင်လူမျိုးတို့သည် အသားဖြူ၍ အရပ်အမောင်းမြင့်မားပြီး ကျန်းမာသန်စွမ်းကြသည်။ ယင်းဒလောင်လူမျိုးတို့ကို တိဗက်အနွယ်မှ ဆင်းသက်လာသည်ဟု ဆိုကြသည်။ ယောကျား၊ မိန်းမအားလုံး ဆံပင်ရှည်ထားကြသည်။ ယောကျားများသည် ဘယ်ဘက်နားတွင် ငွေကွင်း ကြီးများပန်ဆင်ပြီး မိန်းမများကမူ ငွေကွင်းကြီးများ နားနှစ်ဘက်လုံးတွင် ပန်ဆင်ကြသည်။ ယောကျားများသည် သိုးမွေးအဝတ်ရှည်ကြီးများ ဝတ်ဆင်ပြီး မိန်းမများမှာ အညို(သို့)အနက် ရောင် အဝန်ရှည်များ ဝတ်ဆင်ကြသည်။ မိန်းမများသည် အဖြူရောင်ကို ခါးအောက်ပိုင်းတွင် ဝတ်ရိုးထုံးစံမရှိပါ။ သူတို့ကိုယ်တိုင်ချုပ်သော ဖိနပ်ရှည်ကြီးများ စီးကြသည်။ ယောကျားများသည် ဆင်စွယ်လက်ကောက်ကို ဘယ်လက်တွင်ဝတ်ကြရပြီး မိန်းမများကမူ ဆင်စွယ်လက်ကောက် များကို လက်နှစ်ဘက်လုံးတွင် ဝတ်ကြသည်။

ယင်းတို့သည် ဗုဒ္ဓအယူဝါဒကို ကိုးကွယ်ကြသည်။ တောင်ယာလုပ်သည်။ ဂျုံနှင့် ပြောင်းဖူးများ စိုက်ပျိုးကြသည်။ ရက်ကန်းအနည်းအပါးရက်ကြသည်။ ကတိုး၊ အချစ်စုနှင့် ဆေးမြစ်အမျိုးမျိုး ရှာဖွေရောင်းချသည်။

ဒလောင်လူမျိုးတို့သည် ကျေးရွာများကို အစုလိုက် ဖွဲ့စည်းတည်ဆောက်လေ့ရှိသည်။ ကျေးရွာအတွက် မြေနေရာရွေးသည့်အခါ ဘုန်းတော်ကြီးများက တွက်ချက်ဟောပြောသည့် အတိုင်း ရွေးချယ်တည်ဆောက်ကြသည်။ အိမ်ယာထူထောင်သည့်အခါ တဝမ်းကွဲချင်းလက်ထပ် လေ့ရှိ ကြသည်။ လူများသေလွန်သည့်အခါ  ဘုန်းတော်ကြီးများ တွက်ချက်ဟောပြောသည့်အတိုင်း မြေမြုပ်ခြင်း၊ မီးရှို့ခြင်း၊ မြစ်ထဲ ချောင်းထဲပစ်ချခြင်းများ ပြုလုပ်လေ့ရှိသည်။

ဂျိန်းဖော့

မူရင်းဒေသမှာ ဧရာဝတီမြစ်အထက်ပိုင်း မေခနှင့် မလိခမြစ်တို့ကြား မြောက်တြိဂံနယ်မြေ ဖြစ်သည်။

အများစုသည် ဗန်းမော်ခရိုင် တောင်တန်းဒေသ၊ မြစ်ကြီးနားခရိုင် ခန္တီးနယ်အတွင်းပိုင်း၊ နန့်ပမောက်မြစ် ​အရှေ့ဘက်ကမ်း၊ ကသာခရိုင်အတွင်းပိုင်းနှင့် ကချင်တောင်တန်းဒေသများတွင် အခြေစိုက်နေထိုင်လျက်ရှိပြီး မိုးမိတ်၊ ခိုတောင်၊ မြောက်သိန္နီ၊ ကိုးကန့်၊ ကျိုင်းတုံ၊ ကွတ်ခိုင်နယ် များတိုင်အောင် ပျံ့နှံ့နေထိုင်ကြသည်။

ဒူးလင်း

မေခနှင့်မလိခမြစ်နှစ်သွယ်ဆုံရာ တြိဂံနယ်၏မြောက်ဘက်စွန်းတွင် နေထိုင်ကြသည်။ မလိခမြစ်လက်တက်ဖြစ်သော ရှမ်းခ(ခေါ်) နန့်တဆန်မြစ်ဝှမ်းတလျှောက်လည်းကောင်း၊ မလိခ မြစ်ဝဲဘက် ကမ်းမှ ကုန်းထူစခန်းသို့တိုင်​အောင် လည်းကောင်း ဒူးလင်းရွာကလေးများ အနှံ့အပြား တည်ရှိလေသည်။

မရူ(လော်ဝေါ်)

မြစ်ကြီးနားခရိုင် အရှေ့မြောက်ဘက်ရှိ လောခေါင်နယ်၊ ထောလန်နယ်၊ တောင်ဘက် ဆဒုံးနယ် နှင့် ဗန်းမော်နယ်များတွင် အများဆုံး နေထိုင်ကြသည်။ ကချင်ပြည်နယ်တွင် ဝိုင်းမော်၊ ချီဖွေ၊ ဆော့လော်၊ မိုးကောင်း၊ ဆွမ်ပရာဘွမ်၊ ဖားကန့်၊ အင်ဂျန်းယန်မြို့နယ်များနှင့် ရှမ်းပြည်နယ် လားရှိုး၊ ကွတ်ခိုင်၊ ကွမ်းလုံ၊ တောင်ကြီး၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များတွငက် နေထိုင်ကြသည်။

ရဝမ်

အဓိကနေထိုင်သော မြို့များမှာ ပူတာအိုမြို့၊ အချမ်းဘောမြို့၊ နောင်မွမ်းမြို့၊ ခေါင်လန်းဖူးမြို့၊ ဆွမ်ပရာဘွမ်မြို့၊ မြစ်ကြီးနားမြို့၊ ချီဖွေမြို့နှင့် ဆော့လော်မြို့တို့ဖြစ်သည်။

 လာချိဒ် (လရှီ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ တစ်ဖက်ကမ်း ဓားလွယ်ခုတ်အရပ်ရှိ ဆဒုံးမှ လောခေါင် တောင်တန်းတလျှောက်ကျေးလက်ဒေသများမှာ အဇီး၊ လာချိဒ်နှင့် မရူလူမျိုးတို့ စုဝေးနေထိုင်ကြ သည်။ လာချိဒ်လူမျိုးတို့သည် ဆဒုံး၊ အထက်ဖီမော်၊ ဂေါ်လမ်စသည့်နယ်များတိုင်အောင် ပြန့်နှံ့နေထိုင်ကြသည်။ အထူသဖြင့် အင်းမိုင်ခ မြစ်ဝှမ်းအောက်ပိုင်းတွင် အများဆုံးနေထိုင်ပုံ ရသည်။ အင်မိုင်းခမြစ်ဝှမ်းသည် အဇီး၊ လာချိဒ်နှင့် မရူလူမျိုးတို့၏ မူရင်းဒေသဖြစ်သည်။

အဇီး(ဇိုင်ဝါး)

အဇီးတို့သည် တိဗက်ပြည်အထက်ပိုင်းဖြစ်သော် နှစ်လွန်ကျုံခွေမောင်ဒေသ မွန်ဂိုလီးယား ကုန်းပြင်မြင့်တွင် ခရစ်တော်မပေါ်မီကပင် နေထိုင်လာခဲ့ကြသည်ဟု ဆိုပါသည်။ ၎င်းနောက်တွင် ဟဒူးရရမ်ဒမ်မောင်ဒေသဟုဆိုသော မြန်မာနိုင်ငံအတွင်း ကချင်ပြည်နယ်၊ မလိခူးမဂျွယ်ဒေသသို့ အေဒီ(၁၁၀)ခန့်တွင် ရောက်ရှိနေထိုင်ခဲ့ကြသည်။ အဇီးတို့သည် မေခမြစ်ရိုးတလျှောက် ကချင် ပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံအတွင်းသို့လည်း အနည်းငယ် ပြန့်နှံ့ ဝင်ရောက်နေထိုင်ကြသည်။ ဆဒုံးနယ်နှင့် ရွှေလည်ချောင်းများအရပ်ဖျားတွင် အများဆုံး နေထိုင်ကြပြီး ကိုဒေါင်နယ်၏ အရှေ့မြောက် အနောက်တောင်နှင့် ယူနန်နယ်စပ်တိုင်အောင် ပြန့်နှံ့နေထိုင်ကြသည်။

လီဆူး

ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်ဒေသကြီး မြောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် အများဆုံးနေထိုင်ကြသည်။ အန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင်လည်း အများဆုံး နေထိုင်ကြသည်။


www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။