– ပထမဆုံးအမဲသားကို အညှီနံ့ ပျောက်စေရန် ရှာလကာရည်၊ သို့မဟုတ် သံပုရာရည်ဖြင့် ဆေးပါ။
– အမဲသားကို အနေတော် အတုံးကလေးများ ရအောင် တုံးထားပါ။
– ထို့နောက် တုံးထားသော အသားတုံးများကို ဓားဖြင့် နုပ်နုပ်စဉ်း၍ စဉ်းကောလုပ်ပြီး ရလာသော အသားစဉ်းကောများကို ပန်ကန်လုံး တစ်ခုထဲ ထည့်ကာ ဆား၊ အချိုမှုန့် သို့မဟုတ် သကြား၊ အရောင်တင်မှုန့်၊ ငရုပ်သီးအကြမ်း၊ သံလွင်ဆီ၊ ကြာညို့တို့ဖြင့် ရောနယ်ပြီး ၁၀ မိနစ်ခန့် နှပ်ထားပါ။
– ထိုသို့ နှပ်ထားစဉ်တွင် ကြက်သွန်နီ ၂ လုံးခန့်ကို အခွံနွှာ၍ အတုံးလေးများတုံးထားပါ။
– ကြက်သွန်ဖြူ အရွယ်တော် တစ်လုံး (၅ မွှာခန့်) ကို ဓားပြားရိုက်ထားပြီး ရှမ်းနံနံ၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်းတို့ကိုလည်း နုပ်နုပ်စဉ်းထားပါ။
– ထို့နောက် ဒယ်အိုးအတွင်း ဆီအနည်းငယ်ထည့်၍ မီးဖိုပေါ်တင်ပြီးနောက် ဆီပွက်ချိန်အထိ စောင့်ပါ။
– ဆီဆူလာသည့်အခါ တုံးထားသည့် ကြက်သွန်နီ၊ ဓားပြားရိုက်ထားသည့် ကြက်သွန်ဖြူတို့ကို ထည့်ပါ။
– ကြက်သွန်ဖြူ၊ ကြက်သွန်နီများ အနည်းငယ် နူးပျော့လာသည့်အခါ နယ်နှပ်ထားသည့် အမဲသားများကို ထည့်ပြီးနောက် ရေအနည်းငယ်ထည့်၍ ဒယ်အိုးဖုံးပိတ်ကာ ခေတ္တမျှ နှပ်ထားပေးပါ။
– ၅ မိနစ်မှ ၁၀ မိနစ်ခန့်ကြာ၍ အမဲသား နူးကာနီး ဖြစ်လာသည့်အခါ နုပ်နုပ်စဉ်းထားသော ရှမ်းနံနံ၊ ဖက်ဖယ်ရွက်နှင့် ငရုတ်သီးစိမ်းတို့ကို ထည့်ကာ သမအောင်မွှေပြီးနောက် လိုအပ်သည့် အရသာရရှိရန် မြည်းစမ်း ပြင်ဆင်ပြီး ဒယ်အိုးကို ပြန်လည် ဖုံးအုပ်ထားပါ။
– ထို့နောက် အမဲသားကို စိတ်ကြိုက်နူးနပ်သွားသည်အထိ (နောက်ထပ် ၁၀ မိနစ်ခန့်) ချက်ပြီးသည့်အခါ အနံ့ အရသာနှင့် ပြည့်စုံသော ကချင်ရိုးရာ အမဲစဉ်းကောကို သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်။
ပါဝင်ပစ္စည်းနှင့် အချိုးအစား
အမဲသား – ၂၅ ကျပ်သား
ရှာလကာရည် – ၃ ဇွန်းခန့် (သို့) သံပုရာသီး – ၂ လုံးခန့်
ဖက်ဖယ်ရွက် (မခေါနမ်) – အနည်းငယ်
အချိုမှုန့် – အနည်းငယ် (သို့) သကြား – အနည်းငယ်
အရောင်တင်မှုန့် – အနည်းငယ်
ဆား – အနည်းငယ်
ကြာညို့ – အနည်းငယ်
ကြက်သွန်ဖြူ – ၁ လုံး
ကြက်သွန်နီ – ၂ လုံး
ရှမ်းနံနံ – ၂ စည်း
ငရုတ်သီးစိမ်း – နှစ်သက်သလို
သံလွင်ဆီ – အနည်းငယ်
ဆီ – ၂ ကျပ်ခွဲသား