ကချင်ပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

KachinCulture1

ကချင်ပြည်နယ်နေ့၊ ဇန်နဝါရီလ ၁၀ ရက်

၁၉၄၆ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်မနှင့် တောင်တန်းဒေသမှ ကချင်၊ ရှမ်း၊ ချင်းအားလုံးနှင့်အတူ လွတ်လပ်ရေးယူနိုင်ရန် မြစ်ကြီးနား၊ မန်ခိန်သို့ သွားရောက်၍ ဆွေးနွေးခဲ့သည်။ ပင်လုံစာချုပ် ချုပ်ဆိုရာတွင် ကချင်ခေါင်းဆောင် ၆ ဦး တောင်းဆိုခဲ့သည့် အချက်များ၌ လွတ်လပ်ရေးရလျှင် ကချင်ပြည်နယ် သီးသန့် သတ်မှတ်ပေးရန်နှင့် ကချင်ပြည်နယ်နေ့ကို နိုင်ငံတော်က အသိအမှတ်ပြု သတ်မှတ်ပေးရန်ဟူသော အချက်လည်း ပါဝင်ခဲ့သည်။

၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စဝ်ရွှေသိုက်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့သို့ ရောက်ရှိ၍ စီတာပူ၊ မနောကွင်း၌ ဇန်နဝါရီလ ၁၀ ရက်နေ့၊ နံနက် ၈ နာရီအချိန်တွင် ဒူဝါဆင်ဝါးနောင်အား ကချင်ပြည်နယ်ကောင်စီဥက္ကဌအဖြစ် ပထမဆုံး ရွေးချယ် တင်မြှောက်ကာ ပဋိညာဉ်ခံယူခဲ့သည်။

ထို့နောက် သမ္မတစဝ်ရွှေသိုက်သည် ကချင်ပြည်နယ်ကောင်စီဥက္ကဌ ဒူဝါဆင်ဝါးနောင်သို့ ဖွဲ့စည်းပုံအခြေခံဥပဒေစာအုပ်ကို ပေးအပ်၍ ထို့နေ့၌ပင် ကချင်ပြည်နယ်အစိုးရကို ဖွဲ့စည်းကာ ဇန်နဝါရီလ ၁၀ ရက်နေ့ကိုလည်း ကချင်ပြည်နယ်နေ့အဖြစ် တရားဝင် အသိအမှတ်ပြု သတ်မှတ်ခဲ့သည်။

ရိုးရာဓားတက်ပွဲ (လီဆူ)

ကချင်ပြည်နယ်အတွင်း ထူးခြားသည့် ပွဲတော် တစ်ခုမှာ လီဆူ တိုင်းရင်းသားတို့၏ ရိုးရာဓားတက်ပွဲ ဖြစ်ပြီး  စိတ်ဝင်စားဖွယ် ဖြစ်သည်။

ရိုးရာဓားတက်ပွဲတော်ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ထိန်ချုံးမြို့ရှိ လီဆူ တိုင်းရင်းသားမျိုးနွယ်များက ၁၉၁၀ ပြည့်နှစ်တွင် စတင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတွင် ၁၉၂၀ ပြည့်နှစ်မှသာ ကချင်ပြည်နယ်၊ ဆဒုံး၊ မားကကျေးရွာ၌ စတင် ကျင်းပခဲ့ကြသည်။

လီဆူတိုင်းရင်းသားရိုးရာ ဓားတက်ပွဲကို မကျင်းပခင်  ဓားတက်ပွဲတွင် ပါဝင်မည့် အနည်းဆုံး ၅ ဦးမှ အများဆုံး ၁၀ ဦး အထိသော လူပုဂ္ဂိုလ်များကို ရိုးရာနတ်အဖြစ် (ဘုရားဖူ/ ဘုရားမ) ကို တောတောင်အတွင်း တစ်လကြာ ပူဇော်ကန်တော့ပွဲ ကျင်းပရသည်။

ဓားတက်ပွဲ၌ ဓားလှေကားမထောင်ခင် လှေကားတွင် အောက်ခံခုံခု၍ ဓားအသွားများကို အပေါ်ဘက်တွင် ထားကာ ဗွီပုံသဏ္ဍန် တစ်ဆင့်၊ အတန်းလိုက်တစ်ဆင့် တပ်ဆင်ခြင်းဖြင့် မြေပြင်၌ ဓားလှေကားအဖြစ် ပြင်ဆင်ရသည်။ ထို့နောက် မီးနတ်၊ သံနတ်တို့ထံ အဓိဋ္ဌာန်ဖြင့် ဆုတောင်း၍ ဓားလှေကားတိုင်ကို ထောင်ရသည်။ ထိုသို့ အဓိဋ္ဌာန်ပြုစဉ် ဓားတက်ပွဲကျင်းပမည့် အကြောင်းကိုလည်း နတ်ဆရာက ထည့်သွင်း ပြောကြားရသည်။  လှေကားတိုင် ထူပြီးလျှင် နတ်ဆရာတစ်ဦးက အရင်ဆုံး ပြေးတက်၍ နိုင်ငံသူ နိုင်ငံသားများ ပစ္စည်းဥစ္စာ ပေါကြွယ်ဝရေး၊ ကျန်းမာရေး ကောင်းမွန်စေရေးနှင့် ငြိမ်းချမ်း သာယာဝပြောသည့် နိုင်ငံတော်ကြီး ဖြစ်စေရေးတို့အတွက် အရပ်လေးမျက်နှာသို့ ဆုတောင်းကာ ဓားလှေကားတိုင်တွင် တပ်ဆင်ထားသည့် အလံလေးချောင်းကို မြေပြင်သို့ ပစ်စိုက်ရသည်။ ထိုကဲ့သို့ ပစ်စိုက်ရာတွင် မြေပြင်ကို မစိုက်ခဲ့သော် ထိုအရပ်ဒေသမှာ လိုရာဆု မပြည့်တတ်ကြောင်း ယုံကြည်ကြသည်။ ရိုးရာ ဓားတက်ပွဲ ကျင်းပရာတွင် မီးပုံအတွင်း ဖြတ်သန်းနင်းစေပြီးနောက် မီးလောင်ဖု မရှိသူကိုသာ နတ်ဆရာက ဓားလှေကားသို့ တက်ခိုင်းလေ့ရှိပြီး မီးလောင်ဖုရှိလျှင် ထိုသူသည် အဓိဋ္ဌာန် မအောင်မြင်ဟု သိရှိရသည်။

ရိုးရာဓားတက်ပွဲ ကျင်းပပြီးစီးသည့် အခါတွင်လည်း ဓားတက်ပွဲကာလအတွင်း ပူဇော် ထားသည့် သံနတ်နှင့် မီးနတ်များကို ၎င်းတို့အား ဆက်လက်စောင့်ရှောက်ပေးရန် ပူဇော်ခြင်းနှင့် ဓားစင်ကို ဖြုတ်သိမ်းကာ မင်္ဂလာယူသည့် အခမ်းအနားကို ကျင်းပလေ့ ရှိသည်။ သုံးနှစ်လျှင် တစ်ကြိမ်သာ ကျင်းပပြုလုပ်သည့် ရိုးရာပွဲတစ်ခု ဖြစ်ပြီး အဆိုပါ ရိုးရာဓားတက်ပွဲ ကျင်းပခြင်းဖြင့် တည်ငြိမ်အေးချမ်းခြင်း၊ ဆန်ရေစပါး ပေါများခြင်း၊ ကျန်းမာရေး ကောင်းမွန်ခြင်း၊ စီးပွားလာဘ်လာဘ တိုးတက်မြင့်မားခြင်း စသည့် ကောင်းခြင်းမင်္ဂလာ အဖြာဖြာကို ရရှိ ခံစားနိုင်ကြောင်း လီဆူတိုင်းရင်းသား အများစုက ယုံကြည်ကြသည်။

မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများအနက် လီဆူ တိုင်းရင်းသားလူမျိုးများသာ ပြုလုပ်လေ့ ရှိသည့် ရိုးရာဓားတက်ပွဲကို မြန်မာနိုင်ငံမှသာမက ကမ္ဘာ့နိုင်ငံအသီးသီးမှ ပြည်ပနိုင်ငံသားများလည်း စိတ်ဝင်တစား လာရောက် ကြည့်ရှု လေ့လာကြကြောင်း သိရှိရသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။