ကယားတိုင်းရင်းသားလူမျိုးအုပ်စုတွင် ကယား၊ ဇယိမ်း၊ ယင်းဘော်၊ ယင်းတလဲ၊ မနုမနော၊ ပရဲ၊ ဂေခို၊ ဂေဘားနှင့် ပဒေါင်(ခေါ်) ကယန်းလူမျိုးတို့ ပါဝင်သည်။ ကယားပြည် နယ်တွင် ကယားလူမျိုးများသာမက ရှမ်း၊ ပကူးကရင်၊ ပအိုဝ်းနှင့် ဗမာများပါ နေထိုင် ကြသည်။
ဘာသာစကားနှင့်စာပေ
မျိုးနွယ်အလိုက် မိမိပိုင်ဘာသာစကားများ ရှိသော်လည်း အနည်းငယ်မျှသာ ကွဲလွှဲ သည်။ ရှမ်းဘာသာစကားကိုမူ အများအားဖြင့် နားလည်ကြလေသည်။ ကိုယ်ပိုင်စာပေ မရှိပေ။ အချို့လူမျိုးနွယ်တို့တွင် ရောမအက္ခရာဖြင့် တီထွင်ထားသောစာပေ ရှိသော်လည်း အသုံးနည်းသည်။
ဝတ်စားဆင်ယင်မှု
ကယားအမျိုးသားတို့က ဖျင်ကြမ်းဘောင်းဘီတို/ရှည် ခပ်ပွပွအပေါ်အင်္ကျီခပ် ကြမ်းကြမ်းဝတ်သည်။ အမျိုးသမီးတို့က ခေါင်းပေါင်း အနီ၊ သို့မဟုတ် အနက်ကို ပေါင်းကြသည်။ ကိုယ်တွင် ရင်စည်းဖုံးသင်တိုင်းကို ဝတ်ဆင်ပြီး အပေါ်မှ ခြုံထည်ရှည်နှင့် ခါးစည်းကြိုးအနီနှင့် ချည်နှောင်၍ အစကို ရှေ့သို့ချထားလေ့ရှိသည်။
ဂေခို၊ ဂေဘားအမျိုးသားတို့က ဖျင်စဘောင်းဘီတိုနှင့် အင်္ကျီအဖြူ ရင်ခွဲကို ဝတ် ဆင်၍ အမျိုးသမီးတို့ကမူ ဂျပ်ခုတ်ထမီနှင့် ရိုးရိုးအင်္ကျီများကို ဝတ်ဆင်ကြသည်။
ပဒေါင်ခေါ် ကယန်းအမျိုးသားတို့မှာ ဘောင်းဘီပွနှင့် အပေါ်အင်္ကျီကို ဝတ်ဆင်ကြပြီး အမျိုးသမီးများကမူ အတွင်းခံအင်္ကျီလက်စကကို ရင်ညွှန့်အထိ ဟိုက်ခွဲထားသည့် ပေါင်လည်ထိရှည်သော သင်တိုင်းကို ဝတ်ဆင်ကြသည်။ အပေါ်မှ တိုက်ပုံအင်္ကျီအနက်ကို ထပ်၍ ဝတ်ဆင်လေ့ ရှိသည်။
ပရဲအမျိုးသားများက အင်္ကျီလက်တို အဖြူခံပေါ်တွင် အနီစင်းစိပ်စိပ်နှင့် ဘောင်းဘီတိုအနီခံအစင်းကို ဒူးဆစ်သာသာထိ ဝတ်ဆင်သည်။ အမျိုးသမီးတို့ကမူ အင်္ကျီအဖြူခံ အနီစင်း လက်စကအမြိတ်နှင့် ဝတ်၍ အနက်ရောင်ခံ အနီကန့်လန့်စင်း ထမီကို ဒူးဆစ်သာသာထိ ဝတ်ဆင်ကြသည်။
ယင်းဘော်အမျိုးသားတို့က ဘောင်းဘီတိုနှင့် အင်္ကျီလက်စက ဝတ်၍ အမျိုးသမီးတို့က ထမီအနက်တို့ကို ဒူးဆစ်ထိဝတ်ဆင်ပြီး အင်္ကျီမှာ လက်စက လည်ဟိုက်ဖြစ်၏။ အတွင်းတွင် သင်တိုင်းတစ်စကို လည်ပင်းနှင့်ပခုံးသိုင်း၍ ခါးပတ်ကြိုးတစ်ခုနှင့် ရစ်ပတ်ထားသည်။ အပေါ်မှ ခြုံသင်တိုင်းလွှမ်းသည်။
ယင်းတလဲ အမျိုးသားမှာ ဘောင်းဘီအဖြူ အနီစကွပ်သော အင်္ကျီအဖြူကို ဝတ်၍ အမျိုးသမီးက အဖြူရောင်အင်္ကျီ၊ အနီရောင်ကွက်ကျား ထမီတို့ကို ဝတ်ဆင်ကြသည်။ အမျိုးသားများမှာ အများအားဖြင့် ခေါင်းပေါင်း ပေါင်းထားလေ့ရှိပြီး၊ အမျိုးသမီးများကလည်း ငွေပြားပုတီးစေ့၊ ပန်းစည်းကြိုးတို့ကို လည်တွင် ဝတ်ဆင်လေ့ရှိတတ်ကြသည်။
ဇယိမ်းခေါ်ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကိုယ်ပွအင်္ကျီနှင့် ဂျပ်ခုတ်ထမီတို့ကို ဝတ်ဆင်ကာ ကျား၊ မ အားလုံး တိရိစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ် အဆင်တန်ဆာများ အဖြစ် ဝတ်ဆင်လေ့ရှိသည်။
ကိုးကွယ်ယုံကြည်မှု
ဗုဒ္ဓဘာသာကိုးကွယ်သူ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာ(ဘုရင်ဂျီ) ဝင် များရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့အိမ်တွင် ဘုရားဆင်းတုရုပ်ပွားတော်များ ထားရှိ ကိုးကွယ် သည်။ နတ်စင်ကို ရွာအပြင်တွင်ထားလေ့ရှိပြီး နတ်ရုပ်မရှိဘဲ နတ်စင်သာရှိကြသည်။ ဘုရင်ဂျီ ခရစ်ယာန်တို့၏ ဘုရားကျောင်းများလည်း ရှိသည်။ မိမိကိုးကွယ်သော ဘာသာတရားကို အထူးလေးစားကြသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ စုန်းနတ်၊ ကဝေ၊ မှော်ပညာ စသည် တို့ကို ယုံကြည်ကြသည်။
အုပ်ချုပ်မှုအစဉ်အလာ
အိမ်ထောင်စုတွင် ကြီးစဉ်ငယ်လိုက် ရိုသေလေးစားပြီး ဖခင်ကိုရိုသေ၍ သြဇာခံယူ သည့်နည်းတူ ရပ်ရွာတွင်လည်း အသက်ကြီးသူ၊ ကျေးရွာလူကြီးတို့၏ သြဇာကို နာခံ တတ်ကြသည်။ ရပ်ရွာတွင် လူထုမှ လေးစားသော သက်ကြီးရွယ်အိုများ၏ စီမံခန့်ခွဲ အုပ်ချုပ်မှုကို လိုက်နာလေ့ရှိခဲ့ကြသည်။
ရိုးရာယဉ်ကျေးမှု
စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေးတို့ကို ပူးပေါင်းဝိုင်းဝန်းလုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ မည်သည့်ဘာသာဝင်မဆို နတ်စုန်းကဝေများကို ယုံကြည်၍ ဗေဒင် ပယောဂ နတ်ပူဇော် ခြင်းများ ရှိသည်။ လူမှုရေးနှင့်ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်းလုပ်ဆောင်ကြသည်။ ရပ်ရွာ စည်ပင်ရေးအတွက် နတ်ဆိုးများကို တောထုတ်သည့် အလေ့အထရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်း လုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ သြဇာရှိသူများ ဖြစ်ကြသည်။
ဆောင်ရန်
ရှောင်ရန်