ကရင်ရိုးရာဓလေ့ထုံးစံများ

ကရင်တိုင်းရင်းသားတို့တွင် စကောကရင်၊ သို့မဟုတ် မြန်မာကရင်နှင့် ပိုးကရင် သို့မဟုတ် မွန်ကရင်ဟူ၍ အကြမ်းဖျဉ်းအားဖြင့် နှစ်မျိုး ကွဲပြားသည်။

ဘသာသာစကားနှင့်စာပေ

ကရင်စကားမှာ တစ်မျိုးတည်းသာ ရှိ၍ စကောကရင်၊ ပိုးကရင်နှင့် တောင်ပေါ်ဒေသ ကရင်တို့သည် မျိုးနွယ်စုအလိုက် အသံ အလေးအပေါ့ အနည်းငယ်စီသာ ကွာခြားသည်။ မြန်မာ အက္ခရာနှင့် ကရင်စာပေ ရှိသည်။ ၎င်းစာပေကို ပြန်လည်ထွန်းကားရန် မြှင့်တင်နေသည်။

ဝတ်စားဆင်ယင်မှု

အရောင်မရွေး ဗမာများကဲ့သို့ လုံချည်နှင့် ရှပ်အင်္ကျီကို ဝတ်ဆင်ကြပြီး ရိုးရာဓလေ့အရ အမျိုးသားဝတ် သင်တိုင်း၊ အမျိုးသမီးများဝတ် သင်တိုင်းများ ရှိကာ ပွဲလမ်းသဘင်များတွင် ဝတ်ဆင်ကြသည်။ ခေတ်မှီသော ပညာတတ်အမျိုးသားများကမူ ပွဲလမ်းသဘင်များတွင် အနောက်တိုင်း ဘောင်းဘီနှင့် သင်တိုင်းများတွဲ၍ ဝတ်ဆင်ကြသည်။ အမျိုးသမီးများမှာ အမည်းရောင်သင်တိုင်းနှင့် အဖြူရောင်သင်တိုင်းများကို ဝတ်ဆင်ကြသည်။

ကိုးကွယ်ယုံကြည်မှု

တောင်ပေါ်နေ ကရင်များကမူ နတ်ကိုးကွယ်ကြ၍ မြေပြန့်နေ ကရင်တို့ကမူ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြပြီး မြို့ကြီးများနှင့် မြစ်ဝကျွန်းပေါ်ကရင် အများစုမှာ ခရစ်ယာန် (နှစ်ခြင်း) ဘာသာဝင် များ ရှိကြသည်။ ဘာသာရေးကို အထူးလေးစားမှုရှိကြသည်။

အုပ်ချုပ်မှုအစဉ်အလာ

ကျေးရွာတွင် အကြီးအကဲအုပ်ချုပ်သူများကို ကျေးရွာလူထုကပင် ရွေးကောက် တင်မြှောက်ကြသည်။ ရိုးရာဓလေ့ မဖောက်ဖျက်ပါက အစဉ်အဆက် ဆက်ခံနိုင်သော်လည်း အကြီးအကဲမျိုးရိုး ဟူ၍ကား မရှိပေ။ အမှုကိစ္စများရှိက ခုံသမာဓိအဖွဲ့ဝင် လူကြီးများနှင့် ဖြန်ဖြေ ဆုံးဖြတ်၍ နစ်နာသူအား လျော်ရစေသည်။ ဓလေ့ထုံးစံများကို မလိုက်နာပါက ရွာနှင်ဒဏ် အထိပင် ပေးလေ့ရှိသည်။

 ရိုးရာယဉ်ကျေးမှု

ကျေးရွာများတွင် ဘာသာရေးခေါင်းဆောင်များ၏ သြဇာကြီးမားသည်။ အတိတ်နိမိတ်များ မြင်လျှင် တတ်သိသူများနှင့် နတ်မေးခြင်း၊ ကြက်ရိုးထိုးခြင်းများပြုလုပ်လေ့ရှိသည်။ ဗုဒ္ဓဘာသာဝင် ကရင်နှင့် ခရစ်ယာန်ဘာသာဝင် ကရင်တို့ကမူ မိမိတို့ဆိုင်ရာဘာသာကို လေးစား၍ နတ်စားခြင်း၊ နတ်ကိုးကွယ်ခြင်းများ မပြုလုပ်ကြပေ။ ဘာသာရေးနှင့်ဓလေ့ ပွဲတော်များကို အချိန်ရာသီအလိုက် ကျင်းပလေ့ရှိကြသည်။

နှစ်သစ်ကူးပွဲ၊ အိမ်သစ်တက်ပွဲ၊ သဲပုံစေတီပွဲ၊ ရေအိုးစင်ပွဲ၊ လူလိပ်ပြာခေါ်ပွဲ    ၊ သင်္ဘောလွှတ်ပွဲနှင့် အရိုးကောက်ပွဲ စသည်ဖြင့် ပွဲလမ်းများ ကျင်းပလေ့ရှိကြသည်။ အရိုးကောက်ပွဲကို ကော်သူလေးပြည်နယ်ရှိ ဗုဒ္ဓဘာသာကရင်တို့က လူသေပြီး နောက် ၇ ရက် အတွင်း အပြီးကျင်းပ၍ ကျန်ဗုဒ္ဓဘာသာဝင်နှင့် နတ်စားကရင်တို့ကမူ တစ်နှစ်မှ တစ်ဆယ့်ငါးနှစ်အတွင်း ကျင်းပလေ့ရှိသည်။

လူမှူရေးအရ ကျင်းပသောပွဲဖြစ်၍ ပတ်ဝန်းကျင်ရွာများရှိ ဒုံးယိမ်းအဖွဲ့ မြေဝိုင်း ဇာတ်အဖွဲ့ချင်း ပြိုင်လေ့ရှိကာ လူငယ်တို့အတွက် ကာယဉာဏ စွမ်းရည်ပြိုင်ကာ အပျိုလူပျို သိကျွမ်းတွေ့ဆုံခွင့်၊ ချစ်ကြိုးသွယ်ခွင့် ရစေရန် ပြုလုပ်ကျင်းပခြင်း ဖြစ်သည်။

ဆောင်ရန်

  • ရောက်ရှိရာ ဒေသတွင် ကျေးရွာအကြီးအကဲများကို တွေ့ဆုံပြီး ၎င်းတို့ရပ်ရွာဓလေ့ ထုံးစံများကို မေးမြန်းပြီး ၎င်းတို့၏ ညွှန်ကြားချက်များအတိုင်း နေထိုင်ပါ။ အကြီး အကဲများ၏ ဂုဏ်သိက္ခာကို ထိပါးမည့် အပြုအမူများကို ဆင်ခြင်ပါ။
  • ၎င်းတို့၏ ဓလေ့ထုံးစံ ယဉ်ကျေးမှုကို သိရှိရန် ကြိုးစား၍ ဓလေ့ထုံးစံများနှင့်အညီ ပြေပြစ်စွာ ဆက်ဆံပြီး ချစ်ခင်ရင်းနှီးစွာ နေထိုင်ပါ။ ၎င်းတို့၏ အကျိုးစီးပွားကို တတ်နိုင်သမျှ ကူညီဆောင်ရွက်ပါ။
  • ရိုးရာထုံးစံ ဓလေ့ပွဲများကျင်းပလျှက် မိမိတို့က ၎င်းတို့၏ အစဉ်အလာအတိုင်း လိုက်နာ၍ အနှောင့်အယှက်ဖြစ်စေမည့် မူးယစ်ရမ်းကားခြင်း စသော အပြုအမူများကို ဆင်ခြင်ပါ။
  • ၎င်းတို့ထံမှ လူပျိုဖော်၊ အပျိုဖော်ဝင်စ လူငယ်များအတွက် မွေးထားသော ဝက်နှင့် နတ်စားရန် မွေးထားသော ဝက်၊ ကြက်များကို အတင်းအဓမ္မ မဝယ်မိရန် ဂရုပြုပါ။
  • တစ်ရွာနှင့်တစ်ရွာ ဓလေ့ခြင်း မတူသည်များရှိ၍ ရောက်လေရာတွင် မေးမြန်းဆင်ခြင် နေထိုင်ပါ။ ထုံးစံများကို ဖောက်ဖျက်မိပါက အလျှော်ပေးရတတ်သည်။ လျှော်ငွေ များလွန်းက စျေးလည်းဆစ်နိုင်သည်။
  • ဖိတ်ခေါ် ကျွေးမွေးလျှင် စားရသည်။ စားမှ သဘောကျသည်။

ရှောင်ရန်

  • စပါးလှေ့ချိန် တလင်းကွင်းသို့ ဝင်ရောက်ခြင်း၊ ဖိနပ်စီးခြင်း၊ ရန်ဖြစ်ခြင်း၊ ဆူညံ ဆဲဆိုခြင်း၊ တိရိစ္ဆာန်အမည် ခေါ်ခြင်းများကို အထူးဆင်ခြင်ပါ။
  • အချို့ဒေသတွင် ကျွဲ၊ ဝက်၊ ကြက်၊ ဆိတ်များကို ရွာတွင်မွေးလေ့မရှိပါ လွှတ်ထားလေ့ ရှိသဖြင့် ပိုင်ရှင်မဲ့ဟု သဘောမထားပါနှင့်။
  • အိမ်ပေါ်သို့ လှေကားမှ အိမ်သို့မျက်နှာမူ၍ တတ်ပါ။ ၎င်းနည်းအတိုင်းပြန်ဆင်းပါ။ ကျောခိုင်းမဆင်းပါနှင့်။
  • အိမ်ပေါ်တွင် ဖိနပ်မစီးရ။ တံပိုးမမှုတ်ရ၊ လေမချွန်ရ။ လက်ပန်းပေါက်မခတ်ရ။ ငိုယိုခြင်း၊ ရန်ဖြစ်ခြင်း၊ အိမ်တိုင်များကို ရိုက်ပုတ်ခြင်း၊ ခဲပေါက်ခြင်းမပြုရ။
  • အိမ်ပေါ်သို့ လှေကားမှ တက်၊ ဆင်းရမည်။ ကျော်လွှားတက်ခြင်းမပြုရ။
  • သမီးပျိုများနှင့် သူတစ်ပါးအိမ်ရာ ပြစ်မှားခြင်း အမှုကို အထူးရှောင်ကြည်ပါ။
  • ဖားစည်များကို အကြောင်းမဲ့ ဝင်ရောက်တီးခတ်ခြင်းနှင့် “ဟီကဆာမူအကူး” ခေါ် အိမ်ရှင်မ ပဒေါက်၊ သို့မဟုတ် အိမ်ရှင်မပလိုင်းကို ကိုင်တွယ်ခြင်း လုံးဝမပြုရ။
  • အရက်သေစာသောက်စား၍ လည်းကောင်း၊ အရက်ပုလင်း သော်လည်းကောင်း ယူဆောင်၍ အိမ်ပေါ်သို့ မတက်ရ။ အိမ်နှင့်ခြံစည်းရိုးကို မည်သည့်ယာဉ်နှင့်မျှ မတိုက်ရ။
  • အသုဘအတွက် အရိုးကောက်သွားသူကို လိုက်၍ စကားမပြောရ။
  • နတ်စားသောအခါ အိမ်ပေါ်သို့လည်းကောင်း၊ ရွာလုံးကျွတ် နတ်စားက ရွာတွင်းသို့ လည်းကောင်း ဝင်ရောက်ခြင်းကို ရှောင်ပါ။ ဝင်ရောက်မိပါက နတ်စားပွဲပြီးမှ ပြန်လည် ထွက်ခွာပါ။ နတ်စားနေမှန်းသိရန် လမ်းပိတ်ခြင်း၊ အိမ်တွင် နှီးကြိုး တန်းခြင်းများ တွေ့ရှိရမည်။ နတ်စားနေစဉ် ပတ်ဝန်းကျင်မှ ဆဲသံ၊ ဆိုသံနှင့် ရန်ဖြစ်ခြင်းများ ရှိပါက နတ်စားခြင်း ပျက်သည်ဟု ယူဆ၍ အသစ်ပြန်လည် နတ်စားရသည်။ ထို့အတူ နတ်စားနေစဉ် ဧည့်သည်တစ်ဦးက အမှတ်မထင် အိမ်ပေါ်ရှိ နတ်စားသောသူများအား နှုတ်ဆက်စကား သော်လည်းကောင်း၊ တစ်ခုခု မေးမြန်းခြင်း ပြုမိလျှင်သော်လည်းကောင်း နတ်စားခြင်း ပျက်၍ အသစ်တစ်ဖန် ပြန်လည်ပြုလုပ်ရသည်။
  • အိမ်ရှိပစ္စည်းများကို နတ်စားနေစဉ်အတောအတွင်း အိမ်ပြင်သို့ ယူဆောင်ခြင်း မပြုရချေ။
  • ခြေသည်း လက်သည်းများနှင့် ဆံပင်ချည်များကို အိမ်အောက်သို့ မကျစေရ။
  • ကယ်ဘားကရင်များတွင် ကလေးမျက်နှာမြင်လျှင် အိမ်ပေါ်သို့ သူစိမ်းများ မလာရ။ လာမိသော် အရှောင်ပေးရသည့် ထုံးစံရှိသည်။ အိမ်ပေါ်မှ ခုန်ချခြင်း၊ ခြေချော်ခြင်းများအတွက် အရက်၊ ခေါင်ရည်၊ ကြက်တို့ဖြင့် အရှောင်ပေးကြရသည်။ တောင်ယာခုတ်နေစဉ် ရွာအဝင်တွင် ကြိုးတန်းထားလျက် ဝင်လာခဲ့သော် ရှောင်ပေးရသည်။ အိမ်ပေါ်တွင် လူမရှိသည့်အခါ လှေခါးရင်းတွင် သစ်ခက်များ စုပုံထားကာ လူများမရှိကြောင်း အမှတ်အသားပြလေ့ ရှိကြသည်။ ထိုသို့ ပြထားပါလျက် အိမ်ပေါ်သို့ တက်မိသော် အရှောင် ပေးရသည်။
  • အိမ်တံစက်မြိတ်၊ အမိုးရှိ နှီးများကို ချိုး၍ သွားကြားမထိုးရ။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။