ကရင်ပွဲတော်နှင့် အထိမ်းအမှတ်နေ့များ

ကရင်ပြည်နယ်နေ့

ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပုဒ်မ ၁၈၀၊ ပုဒ်မခွဲ (၁) အရ သံလွင်ခရိုင်ကို ၁၉၅၁ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကရင်ပြည်နယ်အဖြစ် ပထမအဆင့် သတ်မှတ်ခဲ့သည်။ ထို့နောက် သံလွင်ခရိုင်နှင့် ဆက်စပ်နေသည့် ဒေသများ ဖြစ်ကြသော ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့နယ်များသည် ၁၉၅၄ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် လည်းကောင်း၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များသည် ၁၉၅၅ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် လည်းကောင်း၊ ကရင်ပြည်နယ်၏ ဖွဲ့စည်းပုံနှင့် အုပ်ချုပ်မှုအတွင်းသို့ ရောက်ရှိလာသည်။

ထိုစဉ်က ကရင်ပြည်နယ်၏ အကျယ်အဝန်းမှာ စတုရန်းမိုင်ပေါင်း ၁၁၀၉၁ ဖြစ်ပြီး ကျေးရွာပေါင်း ၄၆၄ ရွာနှင့် လူဦးရေ ၆ သိန်းခန့် ရှိခဲ့သည်။

၁၉၅၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပသော (၁၄) ကြိမ်မြောက် ကောင်စီညီလာခံက ကရင်ပြည်နယ်နေ့ သတ်မှတ်ရန်နှင့် အောက်ပါ နေ့ရက်များအပေါ် အခြေခံ၍ ရွေးချယ် သတ်မှတ်သွားရန် ဆုံးဖြတ်ခဲ့ကြသည် –

(က)  သံလွင်ခရိုင်ကို ကရင်ပြည်နယ်အဖြစ် သတ်မှတ်၍ နိုင်ငံတော် သမ္မတက အတည်ပြု လက်မှတ်ရေးထိုးခဲ့သော နိုဝင်ဘာလ (၇) ရက်နေ့၊

( ခ ) ဘားအံ၊ သံတောင်၊ လှိုင်းဘွဲ့မြို့နယ်များကို ကရင်ပြည်နယ်အတွင်း ထည့်သွင်း ပေါင်းစည်းနိုင်ခဲ့သည့် ဇွန်လ ၁ ရက်နေ့နှင့်

( ဂ ) ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်မြို့နယ်များကို ကရင်ပြည်နယ်အတွင်း ထည့်သွင်း ပေါင်းစည်းနိုင်ခဲ့သည့် ဇူလိုင်လ ၁ ရက်နေ့။

သို့ရာတွင် ဇွန်လ ၁ ရက်နေ့နှင့် ဇူလိုင်လ ၁ ရက်နေ့တို့သည် မိုးများသည့် မိုးရာသီရက်များ ဖြစ်သဖြင့် အခမ်းအနား ကျင်းပရန် မသင့်လျော်သဖြင့် ရာသီဥတု သာယာသော ဆောင်းရာသီအတွင်း ကျရောက်၍ အခမ်းအနားကျင်းပရန် ကောင်းမွန်ပြီး ကရင်ပြည်နယ်အဖြစ် နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုး အတည်ပြုခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့ကိုသာ ကရင်ပြည်နယ်နေ့ အဖြစ် ရွေးချယ် သတ်မှတ်ခဲ့ကြရာ ထိုအချိန်မှစ၍ ကရင်ပြည်နယ်နေ့ကို တရားဝင် ကျင်းပလာခဲ့ကြ ပေသည်။

ကိုးကား။ မောင်စင်ကြယ်၏ ကရင့်ဘဝဓလေ့ (၁၉၆၇ ခုနှစ်၊ အမျိုးသားစာပေဆုရ)

KayinEvent_1

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။