ကာကွယ်စောင့်ရှောက်ခြင်း

ကာကွယ်စောင့်ရှောက်ခြင်း

          တိုင်းရင်းသားလူမျိုးများအားလုံးနှင့် ယင်းတို့၏ဒေသများ၌ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးများနှင့် တိုင်းရင်းသားအခွင့်အရေးများကို  အပြည့်အဝ ရရှိ ခံစားနိုင်စေရေးအတွက် ဥပဒေအရ ဆောင်ရွက်ပေးရန် တာဝန်ရှိသည်နှင့်အညီ ဝန်ကြီးဌာန အနေဖြင့် အောက်ပါလုပ်ငန်းများကို အလေးထား ဆောင်ရွက်လျက်ရှိပါသည် –

(က)     မူဝါဒနှင့် ဥပဒေလုပ်ထုံးလုပ်နည်းများ ရေးဆွဲပြဋ္ဌာန်းခြင်း

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အတည်ပြု ပြဋ္ဌာန်းနိုင်ရေးအတွက် ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်အတွင်း နည်းဥပဒေ ကနဦး မူကြမ်း (zero draft) ကို ရေးဆွဲခဲ့ပြီးအကျိုးစီးပွား ဆက်စပ်သူများနှင့် ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို စတင်ကျင်းပနိုင်ခဲ့ပြီး ဆွေးနွေးချက် ရလဒ်များမှ တစ်ဆင့် ဒုတိယမူကြမ်း (second draft) ကို ရေးဆွဲကာ အတည်ပြုနိုင်ရေးအတွက် ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း ထပ်မံကျင်းပ ဆောင်ရွက်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်း ဤဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ တွေ့ဆုံဆွေးနွေးမှုရလဒ်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုသုံးသပ်ချက်များနှင့်အညီ တတိယမူကြမ်းကို ညှိနှိုင်းပြင်ဆင်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၁၆/၂၀၁၉) သို့ တင်ပြခဲ့ရာ ၂၃-၈-၂၀၁၉ နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၁၉) ဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီး ဌာနက ဦးစီး၍ ၁၉-၉-၂၀၁၉ ရက်နေ့တွင် နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပနိုင်ခဲ့သည်။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ အခန်း(၂)၊ အပိုဒ် (၃) ကို ပြည်ထောင်စုလွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီနှင့် ညှိနှိုင်း ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

( စည်းလုံးညီညွတ်မှု ချစ်ကြည်လေးစားမှုနှင့် ရိုင်းပင်းကူညီမှုတို့ တိုးတက်ဖြစ်ထွန်းစေရေး ဆောင်ရွက်ခြင်း

အထိမ်းအမှတ် အခမ်းအနားများ ကျင်းပရာတွင် ကူညီခြင်း။ တိုင်းရင်းသားအချင်းချင်းစည်းလုံးညီညွှတ်မှု၊ ချစ်ကြည် လေးစားမှုနှင့်ရိုင်းပင်းကူညီမှုတို့ ပိုမိုတိုးတက်ဖြစ်ထွန်းစေလျက် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးအပေါ် အထောက်အကူဖြစ်စေရေးအတွက် တိုင်းရင်းသား လူမျိုးများ၏ နေ့ထူးနေ့မြတ် အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရာတွင် အားပေးကူညီခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် –

 ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်။ ၂၀-၁၀-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ဒုတိယအကြိမ်မြောက် အင်းသား အမျိုးသားနေ့အခမ်းအနား၊ ၂၆-၁၀-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ပထမအကြိမ် ဓနုအမျိုးသား ညီလာခံနှင့် ၁၈-၁၁-၂၀၁၇ ရက်နေ့တွင် ကျရောက်သော ရှမ်းနှစ်သစ်ကူးနေ့အခမ်းအနား၊ ကရင်ပြည်နယ် ဘားအံမြို့၌ ၆-၁၁-၂၀၁၇ နေ့တွင် ကျင်းပခဲ့သည့် ၆၂ ကြိမ် မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာဒုံးယိမ်းအက ဖျော်ဖြေပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲ၊ ၁-၂-၂၀၁၈ ရက်နေ့တွင် မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂) ၌ ကျင်းပသည့် ၇၁ ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနား၊ ၁၆-၁-၂၀၁၈ ရက်နေ့မှ ၁၈-၁-၂၀၁၈ ရက်နေ့ထိ ကျင်းပပြုလုပ်သည့် လီဆူ တိုင်းရင်းသားနှစ်သစ်ကူး (ခေါ့ရှိ) ပွဲတော်နှင့် ပူတာအိုမြို့ လီဆူတိုင်းရင်းသား ယဉ်ကျေးမှုကော်မတီနှစ် (၆၀) ပြည့် ဖွင့်ပွဲအခမ်းအနား၊ ၂၀-၂-၂၀၁၈ နေ့တွင် ဟားခါးမြို့ ဝမ္မသူးမောင်းအားကစားကွင်း၌ ကျင်းပသည့် နှစ် (၇၀) ပြည့် ချင်းအမျိုးသားနေ့အခမ်းအနား၊ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျောက်ရေတွင်းကျေးရွာတွင် ၁-၃-၂၀၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည့် (၆၉) နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနား၊ ၁၉-၃-၂၀၁၈ ရက်နေ့တွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်သည့် ၄၄ နှစ်မြောက် မွန်ပြည်နယ်နေ့အခမ်းအနား၊ စသည့် တိုင်းရင်းသားလူမျိုးများ၏ အထိမ်းအမှတ်နေ့ အခမ်းအနားများသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကိုယ်တိုင် တက်ရောက်၍ အမှာစကားပြောကြားခြင်း၊ သဝဏ်လွှာဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကာ အားပေးဆင်နွှဲခဲ့ပါသည်။

၂၀၁၈−၂၀၁၉ ဘဏ္ဍာနှစ်။ ၇-၁၁-၂၀၁၈ ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့၌ ကျင်းပပြုလုပ်သည့်  (၆၃)နှစ်မြောက် ကရင်ပြည်နယ်နေ့ အခမ်းအနား၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ လားရှိုးမြို၌ ၈-၁၂-၂၀၁၈ ရက်နေ့တွင် ကျင်းပပြု လုပ်သည့် ၂၁၁၃ နှစ်မြောက် ရှမ်းနှစ်သစ်ကူးပွဲတော်၊ ၂၅−၁−၂၀၁၉ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျိုက္ကဆံကွင်း၌ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းက ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သွေးချင်း တို့ရဲ့ပွဲတော်ဆီ ဖွင့်ပွဲအခမ်းအနား၊ ၂၀-၂-၂၀၁၉ ရက်နေ့တွင် ပဲခူးမြို့၌ကျင်းပသည့် (၇၂) ကြိမ်မြောက် မွန်အမျိုးသား နေ့(ဗဟို) အခမ်းအနား၊ ၉-၄-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ် ကယားပြည်နယ်လုံး ဆိုင်ရာ စုပေါင်းကေ့ထျိုးဘိုး (ခေါ်) ဂန်းခွမ့်တံခွန်တိုင်ပွဲတော် အခမ်းအနားနှင့် ၁၀-၄-၂၀၁၉ ရက်နေ့တွင် ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၌ ကျင်းပပြု လုပ်သည့် (၁၉)ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားများသို့ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်ကိုယ်တိုင် တက်ရောက်အားပေးခြင်း မိန့်ခွန်းပြောကြာခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။