ထိန်းသိမ်းခြင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကို ပင်ရင်းနိုင်ငံအဖြစ်  သတ်မှတ်၍ အတူတကွ နေထိုင်လျက်ရှိသည့် တိုင်းရင်းသားတို့၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်များကို ထိန်းသိမ်း စောင့်ရှောက်ရန် ရည်ရွယ်ချက်များနှင့်အညီ မူလကပင် ရှိနှင့်ကြသည့် တိုင်းရင်းသားလူမျိုး အသီးသီးတို့၏ စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဓလေ့ထုံးစံများ မပျောက်ပျက်စေရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ အကျိုးစီးပွား ဆက်စပ်သူ အားလုံးနှင့် ပူးပေါင်းလျက် အားထုတ် ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထိုသို့ ဆောင်ရွက်လျက် ရှိရာတွင် တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဓလေ့ထုံးစံများ ထိန်းသိမ်းစောင့်ရှောက်ခြင်း ကဏ္ဍတွင် ဘဏ္ဍာနှစ်များအလိုက် အောက်ပါတို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည် –

(က) စာအုပ်စာတမ်းနှင့် မှတ်တမ်းများ ရှာဖွေစုဆောင်းထိန်းသိမ်းခြင်း

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတွင် ဌာနတွင်း စာကြည့်တိုက်ကို စတင် တည်ထောင်ခဲ့ပြီး တိုင်းရင်းသားမျိုးနွယ်စုများနှင့် သက်ဆိုင်သည့် စာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ သမိုင်းအမွေအနှစ်များ ဓလေ့ထုံးစံများနှင့် စပ်လျဉ်းသည့် စာအုပ်စာတမ်းများ၊ ဓာတ်ပုံများ၊ ရုပ်သံမှတ်တမ်းဖိုင်များ၊ သတင်းမှတ်တမ်းများ စသည်တို့ကို စတင်စုစည်း ထိန်းသိမ်းထားရှိခဲ့ပါသည်။ ထိုသို့ တည်ထောင်ထားရှိသည့် စာကြည့်တိုက်အတွက် လိုအပ်သော စာအုပ်စာတမ်းများကို နှစ်စဉ် ထပ်မံဝယ်ယူစုဆောင်းခဲ့သည့်အပြင် ရိုးရာအကပဒေသာ ရုပ်သံဖိုင်များကိုလည်း ရှာဖွေ စုစည်းခဲ့ပါသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးရုံးများတွင်လည်း  တိုင်းရင်းသားလူမျိုးများနှင့်စပ်လျဉ်းသည့် ရိုးရာဓလေ့ထုံးတမ်းများ၊ လူနေမှုဘဝဆိုင်ရာများ၊ သိမှတ်ဖွယ်ရာများနှင့် သုတရသဆိုင်ရာ စာအုပ်စာတမ်းများကို စာကြည့်တိုက်ငယ်များဖြင့် စနစ်တကျထားရှိခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် ဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ညွှန်ကြားရေးမှူးရုံးများတွင် ရုံးတွင်း စာကြည့်တိုက်ငယ်များကို စနစ်တကျ ထားရှိ၍ တိုင်းရင်းသားလူမျိုးများနှင့် စပ်လျဉ်းသည့် သုတနှင့်ရသစာအုပ်စာတမ်းများ၊ တိုင်းရင်းသားတို့၏ ရိုးရာဓလေ့ ထုံးတမ်းများနှင့် လူနေမှုဘဝဆိုင်ရာများနှင့် သိမှတ်ဖွယ်ရာ ဗဟုသုတအဖြာဖြာ ရရှိမည့် စာအုပ်စာတမ်းများအား ရှာဖွေ စုဆောင်းခဲ့ရာ ပထမ ၆လပတ် ကာလအထိ စာအုပ်စာတမ်း စုစုပေါင်း ၂၉၆၃ အုပ် ကို စုဆောင်းနိုင်ခဲ့ပြီး ဖြစ်သည်။

Preservation10
N1_4-1
Preservation9

(ခ) တိုင်းရင်းသားစာပေနှင့် ဘာသာစကားတို့ကို ထိန်းသိမ်းခြင်း

တိုင်းရင်းသားစာပေနှင့် ဘာသာစကားဆိုင်ရာ စာအုပ်များ ပေါ်ထွက်လာစေရေးနှင့် နိုင်ငံတော်၏ ပညာရေးမူဝါဒကို မထိခိုက်စေဘဲ တိုင်းရင်းသားစာပေကို လွတ်လပ်စွာ သင်ကြားခွင့် ရရှိစေရေးတို့အတွက်  တိုင်းရင်းသားစာပေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို  ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွင်း ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နေပြည်တော်၌ စတင်ကျင်းပနိုင်ခဲ့ပြီး ပညာရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှ ကိုယ်စားလှယ်များအကြား ညှိနှိုင်းဆွေးနွေးခြင်းများကို စတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ဝန်ကြီးဌာန၏ ညှိနှိုင်းဆွေးနွေးချက်များအရ အခြေခံပညာကျောင်းများတွင် တိုင်းရင်းသားစာပေဘာသာစကား သင်ကြားပေးရန် နေ့စားလပေး ဆရာဆရာမ (Teaching Assistant) ၅၁၆၁ ဦးကို ပညာရေးဝန်ကြီးဌာနက ၂၀၁၇ – ၂၀၈ ဘဏ္ဍာနှစ်တွင်  လက်ခံ ခန့်ထားပေးနိုင်ခဲ့ပြီး တိုင်းရင်းသားဘာသာစကား စာပေတို့ကို ထိန်းသိမ်းခြင်း၊ ယင်းတို့နှင့်မြန်မာစာပေတို့အကြား ပေါင်းကူးလေ့လာခြင်းတို့ကို ဖွံ့ဖြိုးလာစေရန် ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် (ဧပြီမှ စက်တင်ဘာ) အတွင်း တိုင်းရင်းသားဘာသာသင် ဆရာဆရာမများ ခန့်အပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးနှင့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် တိုင်းရင်းသားစာပေသင်ကြားရေး၊ Teaching Assistant  များ ရွေးချယ်ခန့်ထားရေး (မူကြမ်း)၊ ဆောင်ရွက်မည့်ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတို့ကို ပညာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ပြီး ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ပါသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်  တွင် မော်ကယ် (ဆလုံ) စာပေသင်ကြားခွင့် ပြုနိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းစာအုပ် တင်ပြမှုအပေါ် သက်ဆိုင်ရာ အစိုးရအဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ ကရင်ပြည်နယ်အတွင်း တိုင်းရင်းသားဘာသာ စာပေ ဒေသသင်ရိုးရေးဆွဲရေးဆိုင်ရာ ဆွေးနွေးပွဲကို ဦးစီးကျင်းပပေးခြင်တို့ကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားဒေသ သင်ရိုးစာအုပ် မိတ်ဆက်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် မင်္ဂလာသီရိဟိုတယ်၊ နေပြည်တော်၌ ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကျင်းပခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့မှ တိုင်းရင်းသားစာပေ ပညာရှင်များ ပြုစုထားသည့် တိုင်းရင်းသားဒေသ သင်ရိုးစာအုပ် ၂၅ မျိုးကို ပုံနှိပ်ထုတ်ဝေနိုင်ရေး ကိစ္စရပ်များအပေါ် ဆွေးနွေးညှိနှိုင်ခဲ့ပါသည်။

မြန်မာဘာသာစကားမှသည် တိုင်းရင်းဘာသာစကားဆီသို့ စာအုပ်နှင့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာပုံပြင်များ၊ စကားပုံနှင့် စကားထာများကို စုစည်း ဖော်ပြထားသည့် စာအုပ်တို့ကို ပြုစုနိုင်ခဲ့ပါသည်။ မူလတန်းအရွယ် တိုင်းရင်းသား ကလေးငယ်များအား ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရေးအတွက် ပုံပြပုံပြင်စာအုပ်များကို တိုင်းရင်းသားဘာသာ ၆၆ မျိုးဖြင့် ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပြီး နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များမှတစ်ဆင့် စာအုပ်များကို ဖြန့်ဝေပေးနိုင်ခဲ့ပါသည်။

 ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် Teaching Assistatnt များ ထပ်မံရွေးချယ် ခန့်ထားရေးအတွက် လျှောက်လွှာများ ခေါ်ယူခြင်းတို့ကို ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားဘာသာစာပေဖြင့် ကူညီသင်ကြားပေးရန် နေ့စားလပေး ဆရာ၊ ဆရာမများ (Teaching Assistant) နှင့် တိုင်းရင်းသား ဘာသာစကား သင်ကြားပေးရန် Language Teacher များ ခန့်ထားနိုင်ရေးအတွက်  အဆိုပြု လျှောက်ထားလာသည့် ၁၂၆၅၂ ဦးတို့၏ လျှောက်လွှာများကို စိစစ်ထောက်ခံ၍ ပညာရေးဝန်ကြီးဌာနသို့ ပေးပို့ခဲ့ရာ ၂-၉-၂၀၁၉ ရက်နေ့တွင် Teaching Assistant ၆၉၃၅ ဦးနှင့် Language Teacher ၁၇၅ ဦး၊ စုစုပေါင်း ၇၁၁၀ ဦး တို့ကို ခန့်အပ်ပေးခဲ့ပါသည်။

စာပေ၊ ဘာသာစကားနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် တိုင်းရင်းသားတို့၏အသင်းအဖွဲ့များ ဖွံ့ဖြိုးလာစေရေး အတွက် ကချင်ပြည်နယ်မှစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၂ ဖွဲ့၊ ကယားပြည်နယ်မှစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့၊ ချင်းပြည်နယ်မှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၁၃ ဖွဲ့ နှင့် တနင်္သာရီတိုင်းဒေသကြီးမှ စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၄ ဖွဲ့တို့အား တစ်ဖွဲ့လျင် ကျပ် ၅၀၀၀၀ဝိ/ (ကျပ်ငါးသိန်း) နှုန်းဖြင့် ထောက်ပံ့ငွေစုစုပေါင်း ၂၁၀၀၀၀ဝိ/ (ကျပ်သိန်း နှစ်ရာ့တစ်ဆယ်) ကိုလည်းကောင်း၊ နေပြည်တော်ကောင်စီ နယ်မြေရှိ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ ၈ ဖွဲ့အတွက် ထောက်ပံ့ငွေစုစုပေါင်း ၁၀၅၀၀၀ဝိ/ (ကျပ် တစ်ဆယ်သိန်းငါးသောင်း)ကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ရာ စုစုပေါင်း ၅၀ ဖွဲ့ အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၂၂၀၅၀၀၀ဝိ/ (ကျပ်သိန်းနှစ်ရာ့ နှစ်ဆယ်ငါးသောင်းတိတိ) ကို ထောက်ပံ့ပေးအပ်နိုင်ခဲ့ပါသည်။

ကရင်ပြည်နယ် အစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့် တိုင်းရင်းသားဘာသာစာပေ ဆရာဖြစ် သင်တန်းကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြား ရေးမှူးရုံး၌ ၂၄-၁၀-၂၀၁၉ ရက်နေ့မှ ၂၈-၁၀-၂၀၁၉ ရက်နေ့အထိ ဖွင့်လှစ်ပေးနိုင် ခဲ့ပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် တိုင်းရင်းသားကလေးငယ်များအတွက် ထုတ်ဝေသော တိုင်းရင်းသား ၆၆ မျိုးတို့ ၏ ပုံပြပုံပြင် စာအုပ်များကို အများပြည်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာပေဗိမာန်စာကြည့်တိုက်(ရန်ကုန်)၊ အမျိုးသားစာကြည့်တိုက် နေပြည်တော်နှင့် အမျိုးသားစာကြည့်တိုက် ရန်ကုန်တို့သို့ ပေးပို့ လှူဒါန်နိုင်းခဲ့ပါသည်။

Preservation5
Preservation11
Preservation4
Preservation7
Preservation6

(ဂ) ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဓလေ့ထုံးစံများအား ထိန်းသိမ်းစောင့်ရှောက်ခြင်း

၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုဝန်ကြီးရုံးအဝင် Lobby တွင် အဓိက တိုင်းရင်းသားလူမျိုးစုကြီး ၈ မျိုးတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို ရုံးသို့လာရောက်သူများ လေ့လာနိုင်စေရန် ပြခန်းငယ် အသွင်ဖြင့် ခင်းကျင်းပြသခြင်းကို စတင်ဆောင်ရွက်ခဲ့ပါသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် (ဧပြီမှ စက်တင်ဘာ) အတွင်း ပြည်ထောင်စုဝန်ကြီးရုံးအဝင် Lobby ရှိ ပြကွက်ငယ်အပြင် အဓိက တိုင်းရင်းသားလူမျိုးစုကြီး ၈ မျိုးတို့၏ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုများ၊ ရိုးရာတူရိယာများနှင့် အသုံးအဆောင်ပစ္စည်းများကို ပိုမို စုစည်းပြသနိုင်ရန် စီစဉ်ဆောင်ရွက်ခဲ့သည်။ ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ကလောမြို့နယ်၊ တောင်ပို့လှရွာရှိ ပျောက်ကွယ်လုနီးပါးဖြစ်နေသော ထနော့တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးစံများအား ရုပ်သံမှတ်တမ်းရိုက်ကူး ထိန်းသိမ်းခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ် တွင် ပြည်ထောင်စုဝန်ကြီးရုံးရှိ တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်း ပြကွက်များ ထပ်မံတိုးချဲ့ခြင်းကို ဆက်လက်ဆောင်ရွက်ခဲ့ရာ တိုင်းရင်းသားမျိုးနွယ်စု ၅၀ တို့၏ ရိုးရာဝတ်စား ဆင်ယင်မှုနှင့် တူရိယာများအပါအဝင် အသုံးအဆောင်တို့ကို တိုးတက် ပြသနိုင်ခဲ့ပါသည်။ ထို့အပြင် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ကယား ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာ နှင့်ဘော်လခဲမြို့နယ်၊ စလဲလုံ ကျေးရွာများရှိ ယင်းတလဲလူမျိုးများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးစံများအား လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ  ကွယ်ပျောက်လုနီးပါး ဖြစ်နေသည့် ကဒူးနှင့် ကနန်းတိုင်းရင်းသား မျိုးနွယ်စုများ၏ လူနေမှုဘဝနှင့် ဓလေ့ထုံးစံများအားလည်းကောင်း Documentary များအဖြစ် ရိုက်ကူး မှတ်တမ်းတင်ခြင်းကို ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လအတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကျင်းပခဲ့သည့် ချင်း၊ ရှမ်း၊ ကဒူး၊ ကနန်းနှင့် နာဂတိုင်းရင်းသားလူမျိုးများ၏ နှစ်သစ်ကူးပွဲတော် ကောက်သစ်စားပွဲတော်၊ အမျိုးသားနေ့ မှတ်တမ်းဓာတ်ပုံများကို စုစည်းမှတ်တမ်းတင်နိုင်ခဲ့ပါသည်။  ၂၅-၁၁-၂၀၁၈ ရက်နေ့တွင် မြောက်ဦးမြို့နယ်၊ မောင်နှမကျေးရွာ၌ ကျင်းပသည့် ခမီအမျိုးသား ကောက်သစ်စားပွဲတော် ကျင်းပပုံများကို မှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးနိုင်ခဲ့ပါသည်။

၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကွယ်ပျောက်လုနီးပါးဖြစ်သော ကတူး၊ ကနန်း တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများနှင့် လူနေမှုဘဝများ အား ရုပ်သံမှတ်တမ်းတင်ခြင်းကို ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်းရှိ စက်တောရွာနှင့် ဗန်းမောက်မြို့နယ်၊ နန်းဇားကျေးရွာများသို့ ကွင်းဆင်း၍ ဆောင်ရွက်နိုင်ခဲ့ပါသည်။

တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပထမ ၆ လပတ် ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ရွှေလီမြို့တွင် ကျင်းပ ပြုလုပ်သည့် တိုင်းရင်းသားရိုးရာဝတ်စားဆင်ယင်မှုပြပွဲတွင် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး တို့၏ ရိုးရာဝတ်စုံများဖြင့် ပါဝင် ပြသနိုင်ခဲ့ပါသည်။

ဆလုံလူမျိုးများ၏ လူနေမှုဘဝများကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေးအတွက်  ကော့သောင်းခရိုင်၊ မကြုံဂလက်ကျွန်း၊ ညောင်ဝိကျွန်းနှင့် လမ်ပိကျွန်းများသို့ ၂၃-၂-၂၀၂၀ မှ ၂-၃-၂၀၂၀ အထိ ကွင်းဆင်း လေ့လာခြင်းကို  ဆောင်ရွက်ရာတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေး ကော်မတီ အဖွဲ့ဝင်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံက လိုက်ပါ၍ သက်ဆိုင်ရာဌာန များနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။