ရှမ်းရိုးရာဓလေ့ထုံးစံများ

ရှမ်းတိုင်းရင်းသားတို့တွင် လူမျိုးစုငယ် အများအပြားရှိ၍ လူမျိုးစုအလိုက် နေထိုင်ကြသည်ကို တွေ့နိုင်သည်။ ရှမ်းလူမျိုးအုပ်စုတွင် အများစုမှာ ရှမ်းတိုင်းရင်းသားများ ဖြစ်၍ အင်းသား၊ ဓနု၊ တောင်ရိုး၊ ပအိုဝ်း၊ မူသေး၊ ပလောင်၊ ယင်းကြား၊ ယင်းနက်၊ မိုင်းသာ၊ လီရှော၊ မြောင်ဇီး၊ ဝ၊ လားဟူ၊ တိုင်းလေ၊ အခါစသည်ဖြင့် ကွဲပြားကြသည်။

ဘာသာစကားနှင့် စာပေ

လူမျိုးစုငယ်များအလိုက် သီးခြားသုံးစွဲကြသည့်စကားများ ရှိကြသည်။ သို့ရာတွင် အများနှင့် ဆက်ဆံရာတွင် မြန်မာစကား၊ ရှမ်းဘာသာစကားများဖြင့် သုံးစွဲကြသည်။ ရှမ်းနှင့် ပအိုဝ်းတို့တွင် ကိုယ်ပိုင်စာပေများ ရှိကြသည်။

Shan_Culture1

ဝတ်စားဆင်ယင်မှု

ရှမ်း၊ ဂုံ၊ တောင်ရိုး၊ ပအိုဝ်းအမျိုးသား အားလုံးလိုလိုပင် ရှပ်အင်္ကျီ၊ ပင်နီတိုက်ပုံ၊ ဘောင်းဘီပွပွ ဝတ်ပြီး ခေါင်းပေါင်းလေ့ရှိသည်။ အချို့လည်း ဘောင်းဘီအပြာ၊ အနက်ပွပွများကို ဝတ်တတ်သည်။

အမျိုးသမီးများမှာ ထိုင်မသိမ်းပုံဆန်ဆန် အင်္ကျီဖြူနှင့် ခေါင်းပေါင်းကို ရှမ်းများက ဝတ်၍ အခြားအမျိုးသမီးများမှာ အနက်ရောင် သင်းတိုင်ရင်ခွဲ အင်္ကျီများ၊ ဂျပ်ခုတ်လုံချည်များ ဝတ်တတ်ပြီး ပန်းပွားများ၊ ငွေလည်ဆွဲတန်ဆာများ၊ ငွေနားဆွဲ၊ ပုတီး စသည်တို့ကို အမြတ်တနိုး ဝတ်ဆင်ကြလေ့ရှိသည်။

ရှမ်းအမျိုးသမီး အများစုမှာ ဗမာ င်္ကျီ၊ လုံချည်ဝတ်ဆင်လာကြပြီ ဖြစ်သည်။ ဂုံရှမ်းတစ်မျိုးသာ ထိုင်မသိမ်းဆန်ဆန် အင်္ကျီကို ဝတ်ကြသည်။ အပြောင်အနားတပ် ကန့်လန့်စင်းထမီမှာ ရှမ်းအဆင်ပင် ဖြစ်သည်။ ကျန်ရှမ်းတိုင်းရင်းသားများသည် အနက်ရောင်ကို အဝတ်များသည်။ ယခုအခါ ပွဲလမ်းသဘင်များတွင် ဂုံအဝတ်အစားကိုပင် ရှမ်းအမျိုးသမီး ဝတ်စုံအနေနှင့် ဝတ်ဆင်နေကြသည်ကို တွေ့ရသည်။

Shan_Culture2

ကိုးကွယ်ယုံကြည်မှု

ရှမ်းပြည်နယ်နေ တိုင်းရင်းသားများအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ဗုဒ္ဓဘာသာများ ဖြစ်၍ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ကိုးကွယ်သူများလည်းရှိသည်။ ဗုဒ္ဓဘာသာမှာ ဟိနယာနဂိုဏ်းဝင်များ၍ မဟာယနဆန်သော ဘုန်းကြီးများလည်း အချို့ဒေသတို့တွင် တွေ့ရှိနိုင်သည်။ ဟိနယာနပင်ဖြစ်သော်လည်း ဂိုဏ်းကွဲများစွာရှိသည်။ နတ်ကိုးကွယ် သော်လည်း အိမ်တွင် နတ်စင်ထားလေ့မရှိပေ။ ဗုဒ္ဓဘာသာဝင်ကလည်း နတ်ပူဇော်ပသမှုများ ရှိသေးသည်။

အုပ်ချုပ်မှုအစဉ်အလာ

ရှေးယခင်က ဒေသဆိုင်ရာ စော်ဘွားများရှိခဲ့ကြသည်။ စော်ဘွားများ အာဏာ စွန့်ပြီးသည်မှစ၍ ပြည်သူ့အုပ်ချုပ်ရေးအဖြစ် ပြောင်းလဲလာသည်။ ယခုအခါ တိုင်းဒေသကြီးနှင့် မြို့နယ်အလိုက် လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီများ ထားရှိ အုပ်ချုပ်သည်။ ပြည်နယ်ဦးစီးအဖွဲ့သည် အိမ်ထောင်စုတွင်မှု သက်ကြီးရွယ်အိုများကို အလေးအမြတ်ထား၍ လေးစားစွာ ဆင့်ကဲ နာခံကြသည်။

ရိုးရာယဉ်ကျေးမှု

နတ်ယုံကြည်မှု အစွဲအလန်းများ ရှိကြပြီး ဗေဒင်၊ ယတြာ၊ ဂါထာမန္တရားများကို အများအားဖြင့် လက်ခံလေ့ရှိကြသည်။ ဘာသာရေးကို အလေးအနက်ထားပြီး ဗုဒ္ဓဘာသာတရားအရ သက်ကြီးရွယ်ကြီးများကို ရိုသေလေးစားကြသည်။ လူမှုရေးပွဲများနှင့် ကောက်ပဲသီးနှံစိုက်ပျိုးချိန်၊ ရိတ်သိမ်းချိန်တို့အလိုက် နတ်ပွဲများ၊ ပျော်ပွဲများနှင့် ဘာသာရေးပွဲများ၊ ရှင်ပြုပွဲ၊ ရုပ်ပွားတော်လှူပွဲ၊ စာပေပုရပိုက်လှူပွဲသည့် ပွဲများကို အလေးထား၍ ကျင်းပလေ့ရှိသည်။

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက webmaster@moea.gov.mm သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။