လူမှုဘဝမြှင့်တင်ရေး

လူမှုဘဝမြှင့်တင်ရေး

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် ဖွံ့ဖြိုး တိုးတက်မှု နည်းပါးသည့် တိုင်းရင်းသားလူမျိုးများနှင့် ယင်းတို့၏ ဒေသများတွင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့် လမ်းပန်းဆက်သွယ်ရေး စသည့်ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဘက်ပေါင်းစုံမှ နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်း ကူညီ ဆောင်ရွက်ပေးလျက် ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ပတ်သက်သူများနှင့် အခါအားလျော်စွာ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ခြင်းတို့ကိုလည်း မလွဲမသွေ ဆောင်ရွက်ရလေ့ ရှိပေသည်။

၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်

အခြေခံပညာ ကျောင်းများ၌ သင်ကြားရသည့် ဘာသာရပ်များတွင် တိုင်းရင်းသားကလေးသူငယ်၏ သင်ကြားမှု သင်ယူမှု တိုးတက်ရေးအတွက် တိုင်းရင်းသား ဘာသာစကားများဖြင့် ကူညီရှင်းလင်း သင်ကြားပေးမည့် နေ့စားလပေး (Teaching Assistant TA) များ ခန့်ထားပေးနိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ ရာ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွင်း Teaching Assistant စုစုပေါင်း ၅၁၆၁ ဦးကို ပညာရေးဝန်ကြီးဌာနက ခန့်အပ်ပေးခဲ့သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ အများပြည်သူဆိုင်ရာ အသိပညာပေးပိုစတာများအား တိုင်းရင်းသားဘာသာများဖြင့် ဘာသာပြန်ဆို ဖော်ပြပေးနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။

၁၈-၁-၂၀၁၈ နှင့် ၁၉-၁-၂၀၁၈ နေ့များတွင် တိုင်းရင်းသားလူမျိုးများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ် (Ethnic Sustainable Development Forum) ကို နေပြည်တော်၌ ကျင်းပခဲ့ပြီး တိုင်းရင်းသားလူမျိုးများ၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အပါအဝင် ဆက်စပ် ပတ်သက်သူ (Stakeholder) များ၏ ဆွေးနွေးချက်ရလဒ်များအရ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် တိုင်းရင်းသားလူမျိုးများအားလုံး ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့် အကြံပြုချက်ကောင်းများကို ရရှိဖော်ထုတ်နိုင်ခဲ့ပြီး ဖိုရမ်၏ အကျိုးဆက်အနေဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်း ဖွဲ့စည်း ပေါ်ပေါက်လာခဲ့ပေသည်။

တိုင်းရင်းသားဒေသအချို့တွင် လျှပ်စစ်ဓာတ်အားများ မရရှိသဖြင့် လူမှုစီးပွားရေးဘဝ နောက်ကျမှုများ ရှိနေကြောင်း သက်ဆိုင်ရာဒေသခံတိုင်းရင်းသားများ၏ တင်ပြလာမှုများအပေါ်  အမျိုးသားလျှပ်စစ်ဓာတ်အား စီမံကိန်း (NEP) ဓာတ်အားလိုင်းနှင့် ၁၀ မိုင်ကျော်ဝေးကွာသည့် ကျေးရွာများ၌ နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားစနစ် (Solar System) ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနနှင့် ညှိနှိုင်းပေးနိုင်ခဲ့ပါသည်။ အဆိုပါ အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးများရှိ ကျေးရွာ ၃၀ ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်နှင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်များအတွင်း နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားစနစ်ဖြင့် လျှပ်စစ်မီးရရှိနိုင်စေမည် ဖြစ်ပါသည်။

၂၀၁၈ – ၂၀၁၉ ဘဏ္ဍာရေးနှစ်

တိုင်းရင်းသားဒေသများတွင် ကျန်မာရေးအသိပညာမြင့်မားလာစေရန် အတွက် ကျန်းမာရေးဆိုင်ရာစံပြုအချက်အလက်များစာအုပ်အား တိုင်းရင်းသားဘာသာများသို့ ပြန်ဆို ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ယခင်တိုင်းရင်းသားဘာသာ ၂၇ မျိုးမှ ယခုအခါ တိုင်းရင်းသားဘာသာ ၅၅ မျိုးအထိ ဘာသာ ပြန်ဆိုနိုင်ခဲ့ပါသည်။

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အိမ်တွင်းလက်မှုသင်တန်းကျောင်း၌ ဖွင့်လှစ်သည့် အခြေခံအိမ်တွင်းမှုသင်တန်းသို့ မြိုတိုင်းရင်းသား ၁၉ ဦးနှင့် ခမီတိုင်းရင်းသား ၁၈ ဦး၊ အဆင့်မြင့်စက်ချုပ်သင်တန်းသို့ မြိုတိုင်းရင်းသား ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၁ ဦး နှင့် လေးတူချင်းတိုင်းရင်းသား ၃ ဦး၊ အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာ သင်တန်းသို့ ချင်းတိုင်းရင်းသား တိုင်းရင်းသူ ၁၁ ဦးတို့ တက်ရောက်နိုင်ရေးအတွက် လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့တွင် ဖွင့်လှစ်သည့် အိမ်တွင်းမှု သင်တန်း (စက်ချုပ်) သို့ ကံမမြို့နယ်မှ ချင်းတိုင်းရင်းသူ ၄ ဦး တက်ရောက်နိုင်ရေးအတွက်လည်းကောင်းသက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်း ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ ဆုထူးပန်ကျောက်မျက်ကုမ္ပဏီတွင် အခမဲ့ဖွင့်လှစ်သည့် ကျောက်မျက်ရတနာ​ အချောထည်ထုတ်လုပ်ရေးနှင့် သက်မွေးမှုအတတ်ပညာသိပ္ပံ သင်တန်းကျောင်းသို့ ဒေသအသီးသီးမှ တိုင်းရင်းသားလူငယ် ၉၁ ဦး တက်ရောက် သင်ယူနိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၊ စပါးကြွယ်ကျေးရွာအုပ်စု၊ ဂျပဲ့ကျေးရွာမှ မီးတိုင်တောကျေးရွာသို့ ကမ္ဘားနီသစ်တောကြိုးဝိုင်းအတွင်းမှ ဖြတ်၍ ကျေးရွာချင်းဆက်လမ်း ဖောက်လုပ်ခွင့်ရရှိရေးအတွက် သယံဇာတနှင့် သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် အကျယ် ၁၂ ပေ၊ လမ်းအရှည် ၉ မိုင်ခန့်ရှိ ကျေးရွာချင်းဆက်လမ်းကို အောင်မြင်စွာ ဖောက်လုပ်ပြီး ဖြစ်ပါသည်။

သဘာဝဘေးအန္တရာယ်နှင့် ရေကြီး ရေလွှမ်းခြင်းများ ဖြစ်ပေါ်ခဲ့သည့် မွန်ပြည်နယ်မှ ဒေသများ၊  ကရင်ပြည်နယ်ရှိ ဒေသများနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသများသို့ ပြန်လည် ထူထောင်ရေးဆိုင်ရာ ထောက်ပံ့ငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ ပေးအပ် ထောက်ပံ့ကူညီခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

– ဝန်ထမ်းများ စွမ်းဆောင်ရည် မြင့်မားစေရေးနှင့်လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက်သင်တန်းများစေလွှတ်မှု အခြေအနေ

– တိုင်းရင်းသားများ၏ဒေသဖွံ့ဖြိုးရေးဆိုင်ရာဆောင်ရွက်ချက်များ

www.moea.gov.mm (beta) တွင် ဖော်ပြထားသည့် အချက်အလက်များနှင့် ပတ်သက်၍ အကြံပြုလိုသည်များရှိပါက wpreviewer.moea@gmail.com သို့ mail ဖြင့် ဖြစ်စေ ဖုန်း ၀၆၇၃၄၀၉၅၀၄ သို့ ရုံးချိန်အတွင်းဖြစ်စေ ဆက်သွယ်နိုင်ပါကြောင်း ဖော်ပြအပ်ပါသည်။