မေး (၁) တိုင်းရင်းသားလူမျိုးများကို ဥပဒေအရ မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုပါသလဲ။
ဖြေ (၁) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အခန်း (၁)၊ ပုဒ်မ (၂)၊ ပုဒ်မခွဲ (က) တွင် တိုင်းရင်းသားလူမျိုးများဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကို ပင်ရင်းနိုင်ငံအဖြစ် သတ်မှတ်၍ စဉ်ဆက်မပြတ် နေထိုင်ခဲ့ကြသော လူမျိုးများဟု အဓိပ္ပါယ် ဖွင့်ဆိုထားပြီး ယင်းစကားရပ်တွင် နိုင်ငံသား ပြုခွင့်ရသူများနှင့် ဧည့်နိုင်ငံသားများ မပါဝင် ဟု ပြဆိုထားပါသည်။
မေး (၂) ဖွဲ့စည်းပုံအခြေခံဥပဒေအရ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ရှင်းပြပါ။
ဖြေ (၂) တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) ၌ ပြဋ္ဌာန်းထားသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးများ ပါဝင်ပြီး အဆိုပါ အခွင့်အရေးများအပြင် တိုင်းရင်းသားလူမျိုးများ၏ အခွင့် အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ အခန်း (၃) ပါ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များလည်း ပါဝင်ပါသည်။