အင်းလေးအကြောင်း သိကောင်းစရာ

အင်းလေးအကြောင်း သိကောင်းစရာ

          မြန်မာနိုင်ငံသည် သဘာဝတောတောင်၊ စမ်းချောင်းအင်းအိုင်၊ ရှေ့ဟောင်းအမွေ အနှစ်၊ တန်ခိုးကြီးဘုရားများနှင့် အရောင်အသွေးစုံလင်များစွာဖြင့် ပိုင်ဆိုင်ထားသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပေသည်။ ထိုအလှထဲမှာ အင်းလေးသည် ရှမ်းပြည်နယ်အလှသာမက မြန်မာနိုင်ငံ၏ အလှကိုပါ ထင်ဟပ်စေနိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

အင်းလေးအစ ရွာလေးရွာက

          အင်းလေးဟူသော ဝေါဟာရ၊ အင်းလေးဟူသော အခေါ်အဝေါ်၊ အင်းလေးဟူသော အမည်ဖြစ်ပေါ်လာရခြင်း အကြောင်းရင်းနှင့် ပတ်သက်၍ ယူဆချက်၊ ကြံဆချက်၊ ထင်မြင် ချက်အမျိုးမျိုး ရှိနေကြသည်။ အချို့သောသူများက “အင်းလေး”ဟူ၍ အမည်နာမဖြစ်ပေါ် လာရခြင်းမှာ အင်းလေးဒေသတွင်ရှိသော ကန်လေးကန်ကို အကြောင်းပြု၍ ဖြစ်ပေါ် လာသည်ဟူ၍လည်းကောင်း၊ အချို့က ရှမ်းပြည်တွင်ရှိသော အင်းလေးကန်မှာ ကချင် ပြည်နယ်အတွင်းရှိသော အင်းတော်ကြီးကန်ထက် ငယ်သောကြောင့် အင်းကလေးဟုခေါ် ရာမှ အင်းလေးဖြစ်လာသည်ဟူ၍လည်းကောင်း၊ အချို့က အင်းလေးရွာအမည်တွင်ခဲ့ရာမှာ “ရွာ”စာလုံးဖြုတ်ခေါ်ကြသောကြောင့် အင်းလေးဖြစ်လာသည်ဟူ၍လည်းကောင်း၊ အချို့က ထားဝယ်အဆက်အနွယ် အိမ်ထောင်စုတို့က စတင်တည်ခဲ့ရာမှ အင်းလေးရွာ အင်းလေး အမည်ဖြစ်ပေါ်လာသည်ဟူ၍လည်းကောင်း အမျိုးမျိုးသော ထင်မြင်ယူဆချက်များကို ကြားခဲ့ရလေသည်။

          ဦးပုည၏ ညောင်ရွှေမြို့ပေး မေတ္တာစာတွင် အင်းလေးအမည်ကို ညောင်ရွှေနှင့်တွဲ၍ ဖော်ပြခဲ့သဖြင့် “ညောင်ရွှေအင်း”ဟု လူသိများခဲ့သည်။ သို့သော် ထိုထက်ရှေးကျသော သမိုင်းမှတ်တမ်းအချို့တွင် အင်းဒေသကို “အင်း ၄ ရွာ” ဟု ဖော်ပြရေးသားကြသည့် အထောက်အထားများတွေ့ရလေသည်။

          မြန်မာသက္ကရာဇ် ၉၉၉ ခုနှစ်၊ သာလွန်မင်းတရားကြီးလက်ထက် ထုန်ပြန်ခဲ့သော အမိန့်တော်နှင့် စစ်ချက်စာတမ်းတစ်ခု၌ ရွှေ၊ ငွေ၊ သစ္စေးအခွန်တော်ကြေး ပေးဆက်ရသည့် နယ်များစာရင်းတွင် အင်းဒေသအမည်ကို “အင်းလေးရွာ”ဟု (အညွှန်း၌ ၄ ဂဏန်း)ဖြင့် အတိအကျဖော်ပြထားပါသည်။

          တဖန် မြန်မာသက္ကရာဇ် ၁၁၆၄  ခုနှစ် အင်းလေးစစ်တမ်းပုရပိုက်တွင်  “အင်း ၄ ရွာ ငွေခွန်မှူး ငစံတင် အုပ်ချုပ်စီရင်ရသည်” ဟူသော ရေးသားဖော်ပြထားခြင်းမျိုး တွေ့ရပြန် သည်။ ဤအထောက်အထားများသည် အင်းလေးအမည် ရွာကြီးလေးရွာတည်ခဲ့သည့် အချိန်မှစ၍ သမိုင်းတင်ထင်ရှားလာခဲ့သည်ဟူသော ယူဆချက်နှင့် များစွာနီးစပ်လေသည်။ တနည်းအားဖြင့် ယင်းရွာကြီးလေးရွာကို အကြောင်းပြု၍ အင်းလေးဖြစ်ပေါ်လာသည် ဆိုသောအယူအဆကို ထောက်ခံနေသယောင်ရှိသည်ဟု ကောက်ယူရနိုင်လေသည်။ အင်လေး ရွာ စတင်တည်ခဲ့သောခုနှစ်မှာ ခုနှစ်သက္ကရာဇ်ကိုးကားကိုမူ ယခုတိုင် မတွေ့မိသေးပေ။

ဖောင်တော်ဦးသမိုင်း

          သက္ကရာဇ် ၇၁၂ ခုနှစ်တွင် ညောင်ရွှေမြို့ကို စတင်တည်ထောင်ခဲ့သော စော်ဘွားကြီး စီဆိုင်ဘွားလက်ထက်ကဖြစ်သည်။ အင်းလေးကန်အနောက်ဘက်တောင်တန်း ဖောင်တော် ပေါက်တောင်ခြေရင်း သန်းတောင်အရပ်တစ်နေရာတွင် တစ်နေ့ သန်းတောင်နယ်သားတို့ ချုံနွယ်များအတွင်းမှ ဓာတ်တော်များကွန့်မြူးနေသည်ကိုတွေ့ရ၍ စော်ဘွားကြီးအား လျှောက်တင်ကြလေသည်။ စော်ဘွားကြီးနှင့်အတူ ချုံနွယ်များအကြား လိုဏ်ဂူတခုအတွင်းမှ ရုပ်ပွားတော်ငါးဆူကို ဖူးတွေ့ကြရလေသည်။

ထို့နောက် စော်ဘွားကြီးသည် ရုပ်ပွားတော်ငါးဆူကို ဟော်နန်းဦး၌ ထားရှိကိုး ကွယ်ပြီး နှစ်စဉ်သီတင်းကျွတ်လဆန်း (၇)ရက်နေ့ရောက်တိုင်း ဟော်နန်းအရှေ့ဘက်၌ ယာယီစံကျောင်းပြုလုပ်၍ အများပြည်သူအား ဖူးမြော်စေခဲ့သည်။ ရုပ်ပွားတော်များ ဟော်နန်းဦးမှ ယာယီစံကျောင်းမဏ္ဍပ်သို့ နှစ်စဉ်ကြွချီဆင်းသက်တော်မူခြင်းကို အစွဲပြု၍ ရှမ်းဘာသာဖြင့် “စဝ်ဖရားလုံးမိုင်းကွန်း” မြန်မာလို လူ့ပြည်သို့ ကြွဆင်းလာသည့် မြတ်စွာ ဘုရားဟု ခေါ်ဝေါ်ခဲ့ကြလေသည်။

          သက္ကရာဇ် ၉၇၇ ခုနှစ် ညောင်ရွှေစော်ဘွားဆက် နန်းဖဲကသော်အမည်ရှိ အမျိုးသမီး စော်ဘွားလက်ထက်တွင် စစ်မက်အန္တရာယ်များကြောင့် ရုပ်ပွားတော်များကို ဟော်နန်းမှ အင်းလေးကန် အင်းတိမ်ဆော်မရွာ စံကျောင်းသို့ ပြောင်းရွှေ့ပင့်ဆောင်ကာ အသည်တော် (ဂေါပက) လူကြီးများထားရှိ၍ ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံထားခဲ့သည်။ ထိုဂေါပက လူကြီးများက နှစ်စဉ် သီတင်းကျွတ်လဆန်း(၇)ရက်နေ့ရောက်တိုင်း ရုပ်ပွားတော်များကို ညောင်ရွှေအရောက် ပင့်ဆောင်ပို့ပေးကြရလေသည်။

          နောက်ကာလတွင် အင်းတိမ်ဆော်မရွာစံကျောင်းမှ ဗန်းပုံရွာကြီး၊ ယင်းမှတဆင့် သာလေးတိုက် နမ့်ဟူးရွာ ယခုစံကျောင်းသို့ ပင့်ဆောင်ရွေ့ပြောင်းခဲ့ကြသည်။ ဘုရားငါးဆူ ရုပ်ပွားတော်များ၏ ဒါယကာရင်းမှာ ပုဂံမင်းဆက် အလောင်းစည်သူမင်းကြီးဖြစ်သည်ဟု ဆိုလေသည်။

          ကျွန်းဦးသပြေပင်ရှိရာ ပင်လယ်သမုဒ္ဒရာအတွင်းသို့ မင်းကြီးဖောင်စကြာဖြင့် လှည့်လည်သည့်အခါ ဇဗ္ဗူဒိပ်ကျွန်း၊ သီဟိုဠ်ကျွန်းနှင့် မလယခေါ် မလ္လာယုကျွန်းများသို့ ရောက်ခဲ့သည်။ မလ္လာယုကွန်းမှ ဒက္ခိဏသာခါ မဟာဗောဓိသားနှင့် သရက္ခန်နံ့သာနှစ်အသား များကို မင်းကြီးအား သိကြားမင်းက ဆက်လေသည်။ ထိုအခါ မင်းကြီးသည် မြတ်စွာဘုရား ရုပ်ပွားတော်ထုလုပ်စေပြီးလျှင် စကြာဖောင်တော်ဦး၌ တည်ထားပူဇော်ကာ ပုံဂံနေပြည်တော် သို့ ပင့်ဆောင်ခဲ့လေသည်။

          ထို့နောက် မင်းကြီးသည် ပုဂံနေပြည်တော်မှ အရှေ့ဘက်သို့ ဖောင်တော်စကြာဖြင့် တိုင်းခမ်းလှည့်လည်တော်မူပြန်ရာ အင်းလေးကန်အနောက်ဘက် ဖောင်တော်ပေါက် တောင် ခြေရင်း သန်းတောင်အရပ်သို့ရောက်ခဲ့လေသည်။ ထိုအရပ်တွင် စေတီတော်တဆူ တည်ပြီး လျှင် ဖောင်တော်ဦးတွင်ကိုးကွယ်ထားသော ရုပ်ပွားတော်များထဲမှ ငါးဆူသော ရုပ်ပွား တော်များကို ယင်းစေတီလိုဏ်ဂူအတွင်းသို့ သွင်းနှံဌာပနာတော်မူခဲ့လေသည်။

          အင်းလေးသန်းတောင်အရပ် စေတီလိုဏ်ဂူအတွင်းမှ စော်ဘွားကြီးစီဆိုင်ဘွား ပင့်ဆောင်ကာ ကိုးကွယ်ခဲ့သော ရုပ်ပွားတော်ငါးဆူမှာ အလောင်းစည်သူမင်းကြီး တိုင်းခမ်း လှည့်လည်လာစဉ်က တည်ထားခဲ့သော ဘုရားငါးဆူပင် ဖြစ်တန်ရာသည်။ ယင်းကို အကြောင်းပြုလျက် ရှေးအခါမှစ၍ ယခုတိုင် “ ဖောင်တော်ဦးဘုရားရုပ်ပွားတော်များ”ဟု ခေါ်ဝေါ်နေကြခြင်းဖြစ်သည်။

          ရုပ်ပွားတော်ငါးဆူအနက် သုံးဆူသာလျှင် ဘုရားရုပ်ပွားတော်များဖြစ်၍ ကျန်နှစ်ဆူ မှာ ရဟန္တာရုပ်ထုတော်များဖြစ်သည်ဟု ရှေးသူဟောင်းတို့ ပြောစမှတ်ရှိခဲ့ကြသည်။ နှစ်စဉ် တော်သလင်းလပြည့်ကျော် (၁၅)ရက်နေ့မှစ၍ သီတင်းကျွတ်လပြည့်ကျော်(၃)ရက်နေ့အထိ အင်းလေးဖောင်တော်ဦးဘုရားရုပ်ပွားတော်များသည် ဖောင်တောင်ဦးစံကျောင်းတော်မှ အင်းရွာစဉ်ရွာကျောင်းတစ်လျှောက် လှည့်လည်၍ ဒေသစာရီကြွချီအပူဇော်ခံတော်မူသည်။

          ဘုရားရုပ်ပွားတော်များကို ကရဝိတ်ဖြင့် ပင့်ဆောင်၍ ဖောင်တော်ကို အင်းသားတို့က ခြေထောက်ဖြင့် လှော်ခတ်ကြသော အင်းဆွဲလှေကြီးများဖြင့် စုပေါင်းလှော်ခတ်ပူဇော် ကြလေသည်။ ဖောင်တော်ဦးဘုရား နမ့်ဟူးရွာစံကျောင်းတော့်သို့ ပြန်ကြွရောက်သောနေ့တွင် ပွဲလမ်းသဘင်အမျိုးမျိုး ကျင်းပပြုလုပ်ကြသည်။ ယင်းအနက် ရွာအလိုက်ယှဉ်ပြိုင်လေ့

ရှိကြသော ခြေထောက်ဖြင့် လှော်ခတ်ပြိုင်ရသည့် အင်းလှေပြိုင်ပွဲသည် ပျော်စရာနှင့် တက်ကြွဖွယ်ရာအကောင်းဆုံးဖြစ်လေသည်။ ခြေထောက်ဖြင့် လှေလှော်သည့်ဓလေ့သည် မြန်မာတွင်သာမက ကမ္ဘာတွင်ပါ နာမည်ကျော်ကြားပြီး စိတ်ဝင်စားစရာကောင်းသည့် ဓလေ့တစ်ခုလည်း ဖြစ်သည်။

ရေခြံကွန်းမျောလုပ်ငန်း

        ယခင်က အင်းသားတို့သည် ရေခြံကျွန်းမျောလုပ်ငန်းကို တစ်နှစ်ပတ်လုံးလုပ်ကိုင် ခဲ့ခြင်းမရှိပေ။ ကျွန်းမျောပေါ်၌ စိုက်ပျိုးချိန်ပြီးလျှင် တံငါ(ရေ)လုပ်ငန်းဘက်သို့ လှည့်ကြလေ သည်။ ထို့ကြောင်း ရှေးက တံငါခြောက်လ ခြံခြောက်လဟု ဆိုစမှတ်ပြုခဲ့ကြသည်။ယခု အင်းရေခြံလုပ်သူ အများစုသည် ရေခြံကျွန်းမျောလုပ်ငန်းပေါ်တွင် အားသွန် ခွန်စိုက်ပြု၍ သီးနှံမျိုးစုံစိုက်ပျိုးနေကြလေသည်။

အင်းလေးတွင် ရေခြံကျွန်းမျောလုပ်ငန်းကြောင့် အင်းလူနေမှုအဆင့်အတန်း မြင့်မား လာနေကြောင်း ပြောရမည့် အခြေအနေမျိုးမြင်တွေ့ခဲ့ရသည်။ ရေခြံလုပ်ငန်းကို အင်းလေး ကန်ရေပြင်တွင် ဖြစ်ပေါ်လျက်ရှိနေကြသော ကျွန်းမျောများ၌ စိုက်ပျိုးလုပ်ကိုင်ကြခြင်း ဖြစ်သည်။

          ကျွန်းမျောကို အင်းသားတို့က ဒေသသုံး အင်းစကားသံဖြင့် “ကျွန်းမှော်ဖုတ်”ဟု ပြောလေ့ရှိကြသည်။ ထိုကျွန်းမျောသည် အင်းလေးကန်အစပ်ရှိ မြက်ပင်ကြီးငယ်များနှင့် ကိုင်းပင်များပူးပေါင်းယှက်နွယ်ပေါက်ပွားလာကြရာမှ ဖြစ်ပေါ်လာသည်ဟု ယေဘုယျဆိုနိုင် သည်။ သို့သော် အင်းရေပြင်ပေါ်တွင် ကျွန်းမျောတစ်ခုဖြစ်ပေါ်လာရန် အပင်ပေါင်းမြောက် များစွာ သန္ဓေတည်ပါဝင်ဆောက်ခဲ့ရသည်။

          ကြည်လင်၍ စိမ်းပြာနေသော အင်းလေးကန်အတွင်းတွင် ရေအောက်၌ မှော်ပင်နှင့် ဒိုက်ပင် အမျိုးမျိုးပေါက်၍ ရေပေါ်တွင်မူ မြက်ပင်ငယ်အမျိုးမျိုးနှင့် ကိုင်းပင်နှင့် ဆင်တူသော တဖွတ်ပင်၊ တဖောင်းပင်၊ လက်ရှပင်၊ ရှားလုံးပင်၊ ရှားပြားပင်၊ ပဲပြားပင်၊ ပိတ်ဆည်းပင်များနှင့် ကျပင် စသည့်မြက်မျိုးနွယ်အပင်ကြီးများ ပေါက်လျက်ရှိနေကြသည်။ အလားတူတောဖျက်ဆီးပင်၊ ဇရစ်ရိုးပင်၊ ငွေပန်းပင်နှင့် ပိန်းပင်များလည်း နေရာအနှံ့ ပေါက်လေ့ရှိကြလေသည်။

          ၎င်းတို့အထဲမှ အင်းရေပေါ်တွင်ပေါက်ရောက်ကြသော မြက်မျိုးနွယ်ဝင် အပင်ကြီး ငယ်ဟူသမျှတို့သည် နှစ်ပေါင်းများစွာ ဟောင်းသေ၊ ပင်သစ်ထွက်သဘောဖြင့် စဉ်ဆက် မပြတ် ပေါက်ပွားရှင်သန်လာကြသောအခါ ရေအောက်နှင့် ရေပေါ်တွင် ယင်းအရွက်ဟောင်း အမြစ်ဟောင်းများ စုပေါင်းထူထပ်လာပြီး ထုထည်ရှိသော အစိုင်အခဲကြီးတခုဖြစ်လာသည်။ ထိုအစိုင်အခဲကြီးများလည်း ရေပေါ်တွင် သဘာဝအလျှောက် ရွေ့လျားနေရခြင်းနှင့် အသစ် အသစ်ရှင်သန်ပေါက်ပွားနေကြသော အကိုင်းအခက်တို့ ဆက်နွယ်နေမှုကြောင့် ရေအောက် ရှိမြေသားနှင့်မထိပဲ ရေထဲတွင် မြုပ်တဝက် ပေါ်တဝက်ရွှေ့လျားနေသာ ကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာကြလေသည်။ ထိုသို့ ကျွန်းငယ်သဖွယ် ဖြစ်ပေါ်လာနေကြသော အစိုင်အခဲစုကို “ကျွန်းမျော”ဟုခေါ်ကြလေသည်။

          ဤအင်းလေးကန်အတွင်းက ရေခြံလုပ်ငန်းတခုဖြစ်သော ကျွန်းမျောများပေါ်တွင် အင်းသူအင်းသားတို့ လုံ့လဝီရိယနှင့် လူ၏အင်အားကို အသုံးချပြီး ၁၂ ရာသီကာလပတ်လုံး လုပ်ကိုင်ကြသည်။ ကျွန်းမျောပေါ်တွင် ခရမ်းချဉ်သီးအစ ဂန္ဓမာပန်းအဆုံး သီးနှံပန်းမန်မျိုး စုံမှန်သမျှသည် ရာသီမရွေးထွက်ရှိခြင်း၊ ရာသီမရွေးစားသုံးရန် စိမ်းစိုလတ်ဆက်ခြင်းတို့ ကြောင့် အင်းလေး၏ ရေခြံကျွန်းမျောလုပ်ငန်းသည် ထူးခြားသော စိုက်ပျိုးမှုပုံစံနှင့် လှပ သော ဓလေ့များကိုပိုင်ဆိုင်သည့် ဒေသတစ်ခုလည်းဖြစ်သည်။

(ကိုးကားချက်

ဒါရိုက်တာမြင့်မောင်၊ အင်းလေး)

 

မိုင်းနော်ရိန်း(လူမှုဘဝ)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

နေပြည်တော်

၀၉-၄၄၈၅၄၆၈၇၃

 

Share: