ကယောလူမျိုး သမိုင်းအကြောင်း

          လူမျိုးတစ်မျိုး၏ လူမျိုးဆက်နွယ်ပုံနှင့် လူမျိုးအစကိုလေ့လာရာတွင် ထိုလူမျိုး၏ စာပေသမိုင်းမှတ်တမ်းများ၊ အိမ်နီးချင်းလူမျိုးများ၏ စာပေသမိုင်းမှတ်တမ်းများ အားကိုး အားထားပြုရမည်ဖြစ်ပါသည်။

သို့ရာတွင် ထိုလူမျိုး၌စာပေမှတ်တမ်းများ၊ အိမ်နီးချင်းလူမျိုးတို့၏ စာပေမှတ်တမ်း များ၊ အားကိုးအားထားမပြုနိုင်ပါက ထိုလူမျိုး၏ လူမှုရေးဆိုင်ရာဓလေ့ထုံးစံများ၊ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အယူဝါဒ၊ ဒဏ္ဍာရီပုံပြင်၊ ရှေးလူကြီးတို့၏ စကား၊ တေး၊ ကဗျာ၊ လင်္ကာ၊ ဝတ်စားဆင်ယင်မှု၊ အသုံးအဆောင်ပစ္စည်းများ၊ ဘာသာစကားဆိုင်ရာ အရင်းအမြစ်၊ ကိုယ်ခန္ဓာအစိတ်အပိုင်း စသည်တို့ကို လေ့လာသည့်ပညာရပ်တို့ဖြင့် လေ့လာရ မည်ဖြစ်ပါသည်။

          တိုင်းရင်းသားလူမျိုးများဖြစ်ကြကုန်သော ကယား၊ ကယော၊ ကယန်း အစရှိသော လူမျိုးများတွင် မိမိ၏လူမျိုးစမိုင်းကို စာပေအက္ခရာတို့ဖြင့် မှတ်တမ်းတင်ထားခြင်း မရှိသောလူမျိုးများဖြစ်ကြသည့်အလျောက် လူမျိုးဆက်နွယ်ပုံနှင့် လူမျိုးအစကို ခိုင်လုံသော အထောက်အထားများ၊ သာဓကများဖြင့် ဖော်ပြနိုင်စွမ်းမရှိပါ။ သို့သော်လည်း တိုင်းရင်းသား လူမျိုးများသည် မိမိတို့၏ သမိုင်းနှင့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများကို စကား၊ တေး၊ ကဗျာ၊ လင်္ကာတို့ဖြင့် စိတ်နှလုံး၌မှတ်သားထားလျှက် သက်ကြီးစကားသက်ငယ်ကြား သည်ဟုဆိုသည့်အတိုင်း ရှေးလူကြီးတို့၏စကားကို ခေတ်ကာလအဆက်ဆက်တွင် လက်ဆင့်ကမ်းပေးအပ်နိုင်ရေးအတွက် နှုတ်တိုက်အာဂုံဆောင်စေလျှက် မှတ်သားလာခဲ့ကြ သည်။

ကယော(ဗရဲ့)ဆင်းသက်လာပုံ

        ကယောလူမျိုးတို့သည် မွန်ဂိုလွိုက်အုပ်စု၊ ထိုင်းတရုတ်အနွယ်ဝင် ကရင်လူမျိုးတွင် ကယောလူမျိုးပါဝင်ပါသည်။ ဘွဲ့ကရင်(ဗရဲ့ကရင်)သည် မိမိတို့ ကိုယ်ကို ပရာကယော ဟူ၍လည်းကောင်း၊ ဘာကယောဟူ၍လည်းကကောင်း ခေါ်ဆိုကြသည်။ ကယောလူမျိုး များသမိုင်းတွင်လည်းကောင်း၊ စာပေတွင်လည်းကောင်း ဘွဲ့ပဒဲ၊ ဗရဲ့၊ ပရယ်ဟူ၍သာ လူအများခေါ်ဝေါ်သုံးစွဲကြပါသည်။ ကရင်အနွယ်ဝင်တွင် အကြီးမားဆုံးသော လူမျိုးဖြစ် သော်လည်း ၎င်းတို့နေထိုင်ရာဒေသသည် အခြားလူမျိုးများနှင့် နီးစပ်သောကြောင့် ယဉ်ကျေး မှုရောနှောလာသောအခါတွင် မူလအရင်းအမြစ်ပျောက်ပြီး နီးစပ်ရာလူမျိုးအဖြစ် ခံယူကြ သည်ကို လေ့လာတွေ့ရှိရပါသည်။ ကယားပြည်နယ်၌ ဒုတိယအများဆုံးလူမျိုးဖြစ်ပြီး ကယား၊ ကယော၊ ကယန်းလူမျိုးများက အဓိကလူမျိုးအဖြစ် ထင်ရှားလျက်ရှိသည်။ ကယော တို့နေထိုင်ရာအရပ်ဒေသများမှာ လမ်းပန်းဆက်သွယ်ရေးအလွန်ခက်ခဲသဖြင့် လူဦးရေနည်း သော လူမျိုးဖြစ်သည်။

ဘာသာစကားနှင့်စာပေ

          ကယောလူမျိုးစုသည် ကရင်အနွယ်ဝင်ဖြစ်သည်။ စကောကရင်ဘာသာစကားနှင့် (၅၀)ရာခိုင်နှုန်းခန့် လေယူလေသိမ်းပြောဆိုမှုများ တူညီသည်။ လျှာသံ၊ အာသံ၊ နှာသံ၊ စကားကွဲ၊ စကားအက်နည်းပြီး လေ့လာရာတွင် လွယ်ကူသည်။

          စာပေမှာ အနောက်တိုင်းအီတာလျံကက်သလစ်သာသနာပြုဘုန်းတော်ကြီး ရိုဖရေးဒို ဂေါင်တီ(Rev.Fr.Goffredo Conti )က ဂေးဘား(Gheba ) ဘာသာစကားကို လက်တင် ဘာသာစကား( Roman alphabet) ဖြင့်တီထွင်ထားသောစာပေဖြစ်ပါသည်။ ၎င်းစာပေကို (၁၈၆၉-၁၈၇၅)ခုနှစ်ဝန်းကျင်ခန့်တွင် တရားဝင်တီထွင်ခဲ့ပြီး ကယောလူမျိုး၊ ကယားလူမျိုး နှင့် ကယန်းလူမျိုးများယနေ့တိုင် သုံးစွဲခဲ့သည်မှာ ရာစုနှစ်တစ်ခုပင်ရှိပြီးဖြစ်ပါသည်။

ဗရဲ့မှ ကယောသို့ ပြောင်းလဲခေါ်ဝေါ်ခြင်း

          ကယောလူမျိုးကို ဘွဲ့ဟူ၍ လည်းကောင်း၊ ဗရဲဟူ၍လည်းကောင်းခေါ်ဆိုခြင်းကို ခေတ်လူငယ်များက မနှစ်သက်ကြပါ။ ရှေးယခင်မူလအမည်ဖြစ်သော ကယောဟူသော အမည်ကိုသာ ခေါ်ဆိုသုံးနှုန်းကြရန် အမြဲတမ်းတောင်းဆိုကြပါသည်။ ကယောလူမျိုးသည် မိမိတို့တွင် ကိုယ်ပိုင်သမိုင်း၊ ကိုယ်ပိုင်ဓလေ့ထုံးတမ်း၊ ယဉ်ကျေးမှုရှိသော  လူမျိုးဖြစ်သည်။

          ကယောလူမျိုးများသည် မိမိတို့၏ အစဉ်အလာကြီးမားသောဓလေ့နှင့်ယဉ်ကျေးမှု၊ လူမျိုးမပပျောက်ရေးအတွက် ထိန်းသိမ်းခဲ့ကြပါသည်။ ကယောလူမျိုးများသည် ဗရဲမှ ကယောသို့ ပြောင်းလဲခေါ်ဆိုရန် သက်ဆိုင်ရာသို့တင်ပြခဲ့သည်။ ထို့ကြောင့် ၁၉၆၈-၆၉ ခုနှစ်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ယဉ်ကျေးမှုဦးစီးဌာန၊ ဦးစီးမှူး ဦးဆောင်၍ ကယောလူမျိုးများ နေထိုင်ရာအရပ်ဖြစ်သော ဟိုဟာ၊ ဂေကော၊ ဆူးပြောင်း၊ တနန်းဦးကွယ်၊ ဘာဒိုတွင် ကယောလူမျိုးစုများ၏ ဆန္ဒသဘောထားကို မေးမြန်းခဲ့ပြီး ၁၉၇၁ ခုနှစ်၊ (၂၀)ကြိမ်မြောက် ကယားပြည်နယ်နေ့တွင် ကယောလူမျိုးကို ဗရဲ့မှ မူလ ကယောသို့ တရားဝင်အမည်ပြောင်းလဲခြင်းကို ထုတ်ပြန်ကြေငြာပေးခဲ့သည်။

ဆေးမင်းကြောင်ထိုးခြင်းဓလေ့နှင့်အချိန်

          တစ်နှစ်တစ်ကြိမ်(၁၂)လ၊ (၁၂)ရာသီ၏ နောက်ဆုံးလဖြစ်သော နတ်တော်၊ ပြာသိုလတွင် ထိုးကြပါသည်။ ထိအချိန်တွင် လယ်ယာသီးနှံများ ရိတ်သိမ်းပြီးချိန်ဖြစ်၍ အေးချမ်းသော အချိန်ဖြစ်သည်။ ၎င်းအချိန်တွင် နေရာတိုင်း၌ နှစ်သစ်ကူးပွဲကျင်းပမည့် အချိန်ဖြစ်၍ စိတ်သစ်၊ လူသစ်၊ ပြည်သစ် တည်ရန်အတွက် အပျိုလူပျိုများကို ဖူးချိန်တန်၊ သီးချိန်တန်အရွယ်ဖြင့် လူပျိုအပျိုဘောင်အဖြစ် တရားဝင်အသိအမှတ်ပြုခြင်း၊ လူရာသွင်း ခြင်း၊ နေရာပေးခြင်း၊ စင်တင်ခြင်း ပြုလုပ်ကြသည်။

          မိမိတို့လူမျိုးစု မပပျောက်ရေး၊ မတိမ်ကောရေးအတွက် ထိန်းသိမ်းသွားရန်၊ မိမိတို့၏လူမျိုးစုအလိုက် သင်္ကေတအမှတ်အသားကို ကမ္ဘာမြေကုန်သည်အထိ ဆင့်ကဲပြုလုပ် သွားရန် မှာသွားကြောင်း ရှေးလူကြီးများက ဆိုပါသည်။ အပျိုလူပျိုဘောင်သွင်းပွဲမကျင်းပမီ သီတင်းတစ်ပတ်ခန့်ကြိုတင်၍ ကုန်းသတ္တဝါ၊ ရေသတ္တဝါအသားကို ရှောင်ကြဉ်ရသည်။ တစ်ကိုယ်ရည် ကျန်းမာသန့်ရှင်းခြင်းကို နေ့စဉ်ပြုလုပ်ရသည်။ ဝါရှောင်ခြင်းအမှုကိုပြုလုပ် ရသည်။ လူ့အကျင့်သိက္ခာကို သန့်သန့်ရှင်းရှင်း ထိန်းထိန်းသိမ်းသိမ်းထားရသည်။ အပျိုလူပျိုဂေဟာတွင်သာ အထိန်းတော်ဖြင့် နေကြရသည်။

အမျိုးသမီးများ သွားအနက်ရောင်ဆေးဆိုးခြင်း

          အမျိုးသမီးများမှာ သီးသန့်အဆောင်တွင် နေထိုင်၍ မိမိတို့၏ သွားများကို သွားချေး မှကင်းစင်အောင် ဖရုံသီးကိုကိုက်၍ သွားကိုဆေးကြောပါသည်။ အာခေါင်နှင့် သွားများ သန့်စင်သောအခါတွင် ခေါင်းဆောင်က အသင့်ခူးထားသော နွယ်သီးကိုလည်းကောင်း၊ နွယ်ခေါက်ကိုလည်းကောင်း၊ ရှောက်ရည်နှင့် ရောစပ်ပြီး ဝါးဆင်ဗူးခွက်တစ်ခွက်စီငုံရန် မင်္ဂလာစကားကိုရွက်ပြီးမှ ဆေးကိုငုံထားစေပါသည်။ သွားအနက်ရောင်သို့မပြောင်းမချင်း နှီးပြားကွေးပြီး  ပါးစပ်ကို ဟထားရပါသည်။ သို့သော် ဆေးကိုမျိုမချရပါ။ သွားအနက် ရောင်ဖြစ်လာသည့်အခါ ဆန်ပြုတ်အရည်ကြဲမှတပါး မည်သည့် အစားအစာနှင့်သားငါးများ ကို စားခြင်းမပြုပဲ လုံးဝရှောင်ကြဉ်ရပါသည်။ သုံးရက်မှ သီတင်းတစ်ပတ်ကြာသောအခါတွင် ဆေးမင်ကြောင်ထိုးခြင်းနှင့် သွားအနက်ရောင်ဆိုးခြင်း အမှုပြီးစီးပါက တုံးမောင်းခေါက်သံ ပေးပြီး ရွာမှ ဗုံမောင်းအိုးစည်ဖြင့် လာရောက်ကြိုဆိုကြပါသည်။

          လူပျိုအပျိုကာလာသားများမှာ ဝမ်းမြောက်ဝမ်းသာစွာဖြင့် ဓါးသိုင်းအကဖြင့် ရွာထဲသို့ ပြန်ဝင်လာကြပါသည်။ ဆေးမင်ကြောင်နှင့် သွားနက်ဆိုးခြင်းပြီးနောက် လူပျိုအပျိုဂေဟာသို့ သီးတင်းတစ်ပတ်ခန့်ကြာအောင် ဝါရှောင်ခြင်းဖြင့် ပြန်လည်နေထိုင်ကြပါသည်။ ဥပုသ်ထွက် ပြီးနောက် အသားငါးကို စားနိုင်ပြီဖြစ်သော်လည်း အဆူးရှိသော၊ အစေးရှိသော၊ အနံ့အသက် ရှိသော၊ ကျောက်ပေါ်တွင် ပေါက်သောအသီးအရွက်များ၊ ဇီးဖြူးသီးနှင့် တောရိုင်းတိရိစ္ဆာန် များ စားသောအသီးအရွက်များကို တစ်လခန့်ရှောင်ကြဉ်ကြပါသည်။

          စည်းကမ်းဖောက်ပါက ကျားဆွဲတက်သည်၊ ဝက်ပက်တက်သည်၊ ဝက်ဝံကိုက်တက် သည်၊ မြွေပေါက်တက်သည်၊ ကင်းကိုက်တက်သည်၊ ပဒူတုပ်တက်သည်၊ မိုးကြိုးပစ်တက် သည်၊ မိကျောင်းဆွဲတက်သည်ဟူ၍ ယုံကြည်ယူဆကြသည်။

          ကယောကယန်လူမျိုးများ မိမိတို့၏လူမျိုးစုကို ထိန်းသိမ်းခြင်း၊ အပျိုလူပျိုကို ရှင်လူနတ်ကြားအောင် ဘောင်သွင်းခြင်း၊ ဥပုသ်စောင့်တည်ခြင်း၊ ဝါရှောင်ခြင်းတို့မှာ ရှေးနှစ်ပေါင်းများစွာက ပြုလုပ်ထားသော အစဉ်အလာ အထိမ်းအမှတ်တစ်ခုဖြစ်သည်။ ဆေးမင်ကြောင်ထိုးခြင်းနှင့် သွားအနက်ဆိုးခြင်းမပြုလုပ်သူဟူ၍မရှိပဲ လူတိုင်းအမျိုးသား ရေးတာဝန်တစ်ရပ်အဖြစ် ပြုလုပ်ကြရသည်။

ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

          ကယောလူမျိုးများသည် အနုပညာယဉ်ကျေးမှု၊ အကအခုန်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကားတို့ကို အထူးအလေးအမြတ်ထားသော လူမျိုးဖြစ်ပါသည်။ ကယောလူမျိုးအမျိုးသား၊ အမျိုးသမီးတို့ဝတ်စားဆင်ယင်မှုဆိုင်ရာမှာ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားပါသည်။

          အမျိုးသားများ၏ဝတ်စားဆင်ယင်မှုမှာ လည်ခွဲသင်တိုင်းဖြစ်သည်။ အရောင်မှာ အဖြူရောင်အောက်ခံပြီး၊ အနီစင်း၊ အဖြူစင်း၊ အနက်စင်း သုံးလိုင်းဒေါင်လိုက်အရောင် ဖောက်ပြီးဝတ်ဆင်ကြပါသည်။ သင်တိုင်းပေါ်တွင်ရှိသော အဆင်းများမှာ ဖားစည်၏မျက်နှာ ပြင်ပေါ်တွင်ရှိသော နေဝန်းကြီးရောင်ခြည်လက် (၆)ခု၊ (၈)ခု၊ (၁၂)ခု ထွန်းတောက်ပြီး စက်ဝိုင်းသဏ္ဍာန်(၃)ရစ်တစ်ကန့်၊ (၁)ရစ်တစ်ကန့်၊ (၃)ရစ်တစ်ကန့် သတ်တန့်ပမာဝိုင်းရံ ထားသော ရောင်ခြည်လိုင်းအရစ်ကို အစွဲပြုပြီး ယက်လုပ်ထားပါသည်။ အနက်ရောင် အဓိပ္ပာယ်မှာ သုံးခွန်းမြောက်စကားမှကတိတည်သည်။ သုံးပင်လိမ်ကြိုးမှခိုင်သည်။ ဖိုခနောက်သုံးခုဆိုင်မှ မြဲသည်ဟုဆိုပါသည်။ အရောင်တွင် အဖြူ၊ အနီ၊ အနက် သုံးခုအဓိက ထားပြီးယက်ကြသည်။ အဖြူရောင်မှာ သန့်ရှင်းဖြူစင်ခြင်းကိုဆိုလိုသည်။ အနီရောင်မှာ သတ္တိရှိခြင်း၊ သစ္စာရှိခြင်း၊ ရဲရင့်ခြင်းကို ဆောင်ပြီး အနက်ရောင်မှာ ကြံ့ခိုင်မှုကိုဆိုလိုသည်။

          အမျိုးသမီးသည် ကလေးဘဝတွင် နားပေါက်ဖောက်ပြီးနောက် သက်ငယ်ရိုးတစ် ချောင်းမှစ၍ တစ်ချောင်းပြီးတစ်ချောင်းတိုးကာ နားပေါက်ကျယ်လာသည့်အထိ ထည့်၍ချဲ့ ပေးပါသည်။ အပျိုအရွယ်တွင် ၎င်းနားဒေါင်းထဲ၌ လပြည့်ဝန်းပုံသဏ္ဍာန် ဖော်ဆောင်ထား သော ဝိုင်းစက်နေသော ကြည့်မှန်တစ်ချပ်ကို ပြုလုပ်ထားပါသည်။

 

မိုင်းနော်ရိန်း(လူမှုဘဝ)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန

တိုင်းရင်းသားလူမှုဘဝမြှင့်တင်ရေးဌာနခွဲ

၀၉-၄၄၈၅၄၆၈၇၃

 

Share: