မြောင်ဇီးလူမျိုးများအကြောင်း သိကောင်းစရာ

မြောင်ဇီးလူမျိုးများ၏ သမိုင်းအကျဉ်း

        မြောင်ဇီးလူမျိုးများသည် ကွေ့ကျင်နယ်ရှိ မွန်ဂိုလီယားမျိုးနွယ်များဖြစ်ပါသည်။ လွန်ခဲ့သောနှစ်ပေါင်း(၂၅၀)ကျော်က ပန်းသေးစော်ဘွားနှင့် စစ်ဖြစ်ပွားပြီး စစ်ရှုံးသော ကြောင့် အင်အား(၃၀၀)ကျော်ရှိသော မြောင်ဇီးမျိုးနွယ်စုကို မြောင်ဇီးစော်ဘွားကြီး ရုပ်စုပေါ၊ မြောင်ဇီးတိုက်သူကြီး ရုပ်လုပ်ရန်၊ မြောင်ဇီးစစ်ဗိုလ်ချုပ် ရုပ်ကျန်းဝူး၊ မြောင်ဇီးစစ်ဗိုလ်ကြီး ရုနှင့်ပလတို့က ဦးဆောင်ကာ ယူနန်မှတစ်ဆင့် ကိုးကန့်တို့ နေထိုင်ရာ တာရွှေထန်၊ ကျာတိမော်၊ ရဲညိုပါး၊ ပါးဝေး၊ မန်လော့၊ ပါမာချန်းဒေသ တို့တွင် စတင်အခြေချနေထိုင်ခဲ့ကြသည်။ ထိုမှတဖန် ဆုံကန်၊ မာလီပါး၊ ရှုတ်တင်ပါး၊ ကာမိန်း၊ သိန္နီဒေသများတွင် အနည်းငယ်စီသို့ အခြေချနေထိုင်လာခဲ့ကြသည်။ ထို့နောက်ကျန်ရှိသော မျိုးနွယ်စုဆွေမျိုးများပါလိုက်လာကြပြီး အဆိုပါဒေသများတွင် ပြောင်းရွှေ့အခြေချနေထိုင်လာကြသည်။ မြောင်ဇီးလူမျိုးများသည် စစ်ရှုံးသောကြောင့် စစ်၏ဒဏ်ကို လွန်စွာကြောက်ရွံ့ကာ တောင်ပေါ်ဒေသများတွင် အေးချမ်းစွာ နေထိုင် ခဲ့ကြသည်။ တောင်ယာလုပ်ငန်းကို ရိုးသားစွာလုပ်ကိုင်ခြင်း၊ အမဲလိုက်ခြင်း၊ မွေးမြူရေးလုပ်ငန်းများဖြင့် လုပ်ကိုင်စားသောက်ကြသည်။ မြောင်ဇီးဟူသော အခေါ် အဝေါ်မှာ တရုတ်လူမျိုးများက ခေါ်ဝေါ်သောအမည်နာမဖြစ်ပြီး မြောင်ဇီးလူမျိုးများ က မိမိကိုယ်ကို “မှုန့်”လူမျိုးဟုဆိုကြသည်။ မြောင်ဇီးလူမျိုးများသည် ကွမ်းလုံ မြို့နယ်၊ ကာမိုင်းဒေသတွင် အများဆုံးနေထိုင်ကြပြီး နောင်ချိုမြို့နယ်၊ ဟိုပန်မြို့နယ်၊ လောက်ကိုင်မြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုင်းနောင်မြို့နယ်၊ ဝမ်းစိမ်းမြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် အနည်းငယ်စီအခြေချနေထိုင်ကြပါသည်။

မြောင်ဇီးလူမျိုးများ၏ အမည်နာမမှည့်ခေါ်ပုံစနစ်

          မြောင်ဇီးတိုင်းရင်းသားတို့သည် မွေးဖွားပြီး(၃)ရက်အကြာတွင် နာမည်မှည့်လေ့ ရှိကြသည်။ နာမည်မှည့်ခေါ်ရာတွင် ဘိုးဘွားများက ကလေး၏ ဝိညာဉ်ကိုခေါ်ယူပြီး သင့်တော်ပြီးလှပသော နာမည်များကို မှည့်ပေးကြသည်။ အခြားတိုင်းရင်းသားများ ကဲ့သို့သော နေ့ကောင်းနေ့မြတ်၊ ဗေဒင်လက္ခဏာများ၊ မွေးနေ့နံများကို တွက်ချက်ပြီး အမည်မှည့်လေ့မရှိပေ။ မိမိနှစ်သက်ရာ အမည်နာမကို မှည့်ခေါ်ကြသည်။

သို့သော် အမည်နာမမှည့်ချိန်တွင် ၎င်းတို့၏ အဘိုးတို့၏ အမည်တစ်လုံးကို ကလေး၏ဖခင်အမည်နာမတို့တွင် ထပ်ပေါင်းပြီး ပြောင်းလဲမှည့်ခေါ်လေ့ရှိသော ထူးခြားသည့်ဓလေ့တစ်ခုရှိကြပြီး မျိုးရိုးနာမည်ကိုယူပြီး နာမည်နောက်ဆုံးတွင် တွဲဖက်တွဲခေါ်ကြသည်။ ကလေးငယ်၏ မိခင်ကိုမူ နာမည်ထပ်မံထည့်သွင်းမှည့်ခေါ် လေ့မရှိပါ။ အငယ်ဆုံးသားကို “ကျယ်”၊ အငယ်ဆုံးသမီးကို “ကျိုင့်”ဟူ၍ နာမည်ရှေ့ တွင် တွဲဘက်မှည့်ခေါ်ကြသည်။

သားဦး၊ သမီးဦးမွေးဖွားပြီး ကြက်၊ ဝက်များကိုသတ်ကာ ဘိုးဘွားမိဘများကို သွားရောက်ကန်တော့ကြရသည်။ မြောင်ဇီးတိုင်းရင်းသားများသည် နာမည်ကင်ပွန်း တပ်ခြင်း အခမ်းအနားတွင် လာရောက်သောဘိုးဘွား လူကြီးမိဘများ၊ ဧည့်ပရိတ် သတ်များကို ကလေးငယ်၏ မိဘအခြေအနေပေါ် မူတည်ပြီး ဧည့်ခံကြသည်။ အချို့မှာ ထမင်း၊ ဟင်းကျွေးပြီး၊ အချို့မှာ မုန့်နှင့် လက်ဖက်ရည်တို့သာ ဧည့်ခံကြသည်။ ကလေးနာမည်မှည့်ပြီး နှစ်သစ်ကူးသောနေ့တွင် ကလေး၏ဖခင်ဖြစ်သူက ကြက်သား၊ ဝက်သားများကိုယူပြီး ရေကန်တွင် သွားရောက်ကန်တော့သည့် ဓလေ့လည်းရှိသည်။

 

မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယင်မှု

          မြောင်ဇီးလူမျိုးများ၏ ဝတ်စားဆင်ယဉ်မှုမှာ အမျိုးသားများသည် အတွင်းတွင် အင်္ကျီအဖြူဆင်မြန်းပြီးအပေါ်တွင် အနား၌ အပြာရောင်ကွယ်ထားသော အနက်ရောင် ရင်ဖုံးအင်္ကျီဝတ်ဆင်သည်။ ထို့နောက် အပေါ်ထပ်လက်ပြတ်ကိုထပ်၍ ဝတ်ဆင်သည်။

ဘောင်းဘီအနက်ကို ဆင်မြန်းသည်။ ခါးစည်းမှာ ရောင်စုံကြိုးများကို တစ်ထပ်ပြီး တစ်ထပ်ဆင်မြန်းကြသည်။ ထို့နောက် ပန်းရောင်အစကို ခါးတွင်ထပ်၍ ချည်ပြီး ဆင်မြန်းသည်။ ရှေးယခင်တွင် ဝါးဖိနပ်များကို ဆင်မြန်းသည်။ ယခုအခါတွင် မိမိတို့ နှစ်သက်သော ဖိနပ်ကို ဆင်မြန်းကြတော့သည်။

          အမျိုးသမီးများ၏ခေါင်းတွင် အနက်စအရှည် ဆယ်ကိုက်ကျော်အား အထပ် ထပ်ဖြင့် လှပစွာ ခေါင်းပေါင်းပြုလုပ်၍ ဆင်မြန်းကြသည်။ ကော်လံအပြားကြီးပါသော အင်္ကျီလက်ရှည်ဆင်မြန်းသည်။ ထိုအင်္ကျီလက်တွင် အဖြူ၊ အနီ၊ အပြာ၊ အဝါ၊ အစိမ်း၊ ခရမ်း၊ လိမ္မော်အစရှိသော အရောင်တန်းများဖြင့် အလှဆင်ထားသည်။ ထို့နောက်အပေါ်တွင် လက်ပြတ်ကုတ်အင်္ကျီကို ဆင်မြန်းသည်။ ရိုးရာစကပ်ကို ဝတ်ဆင်ပြီး စကပ်၏နောက်တွင် အမြတ်တနိုးဖြင့် ပန်းဖွားပါသော အဝတ်ကြိုး ရှည်ကို ဆင်မြန်းကြသည်။ ရှေ့တွင် ရှေ့ဖုံးအဖြစ် တစ်ထပ်ထပ်ဆင့်၍ ဆင်မြန်းကြ သည်။ လက်တွင်ဆင်မြန်းထားသော အရောင်တန်းများအလိုက် ခါးတွင်လည်း ရောင်စုံကြိုးများကို အလှဆင်ချည်နှောင်ကြသည်။ ခြေပတ်အဖြူကို ဆင်မြန်းသည်။ အမျိုးသမီးတစ်ဦး၏ အဝတ်ဆင်မြန်းချိန်မှာ တစ်နာရီနီးပါးမျှ ကြာသည်ကိုလည်း လေ့လာသိရှိရပါသည်။

မြောင်ဇီးလူမျိုးများ၏ တူရိယာများနှင့် တီးမှုတ်သည့်ဓလေ့

          မြောင်ဇီးလူမျိုးများသည် ပလွေကို ဝါးဖြင့်ပြုလုပ်ကြသည်။ ပလွေကို ယောက်ျားလေး လူပျိုများကသာ အဓိကအသုံးပြုလေ့ရှိကြသည်။ ကျွဲ၊ နွားကျောင်း သည့်အချိန်၊ တစ်ယောက်တည်း အထီးကျန်သည့် အချိန်မျိုးတွင် ပလွေကို အသုံးပြု၍ မှုတ်လေ့ရှိကြသည်။ ပလွေမှုတ်သည့်အချိန်ကိုလည်း ပွင့်လင်းရာသီ၌ စတင်မှုတ်လေ့ ရှိကြပြီး ပွင့်လင်းရာသီကုန်ဆုံးချိန်တွင် လူငယ်များသည် ပလွေမှုတ်ခြင်းမရှိ တော့ကြောင်း သိရှိရပါသည်။ ပွင့်လင်ရာသီကုန်ဆုံးချိန်၌ ပလွေမှုတ်သည့်အခါ လေပြင်းလာချိန်တွင် အသီးအနှံမကောင်းခြင်း၊ အသီးအနှံမဖြစ်ထွန်းခြင်း မအောင် မြင်ခြင်းများဖြစ်သည်ဟု ရှေးဘိုးဘေးဘီဘင်များက ပြောလေ့ရှိကြသည်။ ပွင့်လင်း ရာသီချိန်မှာ မိုးရာသီကုန်ချိန် သြဂုတ်လမှ ဧပြီလအတွင်းကို သတ်မှတ်တက်ကြ ပါသည်။

          ယောက်ျားလေးများကလည်းမိန်းကလေးများကို စိတ်ဝင်စား၍ ရည်းစား စကား နှစ်ဦးနှစ်ဖက် စကားပြောလေ့ရှိကြပါသည်။ ပလွေကို အပေါက်(၆)ပေါက် ဖောက်ပြီး ပလွေ၏ထိပ်တွင် ဝါလျှာထည့်၍ မှုတ်ရပါသည်။

          ကိန်ကိုလည်း ဝါးဖြင့်ပြုလုပ်လေ့ရှိပါသည်။ ကိန်မှုတ်သည့်ကိုင်းကို သစ်သား နှင့် ပြုလုပ်ရပါသည်။ ကိန်ကိုလည်း အပေါက်(၆)ပေါက်ဖောက်ပြီး အတွင်းတွင် ကြေးနီဖြင့် လျှာပြုလုပ်ရပါသည်။ ရိုးရာတူရိယာဖြစ်သည့် ပလွေနှင့် ကိန်ကို ပွဲတော်များ၊ နှစ်သစ်ကူးသည့်အချိန်တွင် အသုံးပြု၍ တီးမှုတ်လေ့ရှိကြပါသည်။

မြောင်ဇီးလူမျိုးများ၏ ထူးခြားသည့်ဓလေ့

          မြောင်ဇီးလူမျိုးများသည် မိမိအိမ်တွင် အိမ်သူ/အိမ်သား တစ်ဦးဦးနေမကောင်း ဖြစ်ခဲ့လျှင် နတ်ဆရာကိုပင့်ဖိတ်ပြီး ဆေးကုသရန်နှင့် ရောဂါဝေဒနာအကြောင်း မေးခိုင်းရပါသည်။ နတ်ဆရာကို ခေါ်ရခြင်းမှာ နတ်ဆရာ ဘာတောင်းသနည်း၊ လူအသက်ကို တောင်းသလားဟူ၍ အဆိုရှိပါသည်။ လူအသက်ကို တောင်းခဲ့လျှင် လူအသက်အစား ဝက်၊ နွားတို့ကို အစားထိုးပေးရပါသည်။ ကျန်းမာရေးနှင့် ပတ်သက်ပြီး နတ်ဆရာကိုလည်းပင့်၍ မေးလေ့ရှိပါသည်။ ကျောက်တုံးကိုကြိုးချည်ပြီး မေးလေ့ရှိပါသည်။ နတ်ဆရာထံတွင် မေးမြန်းထားသည့်ကြိုးကိုလည်း ပြန်ယူလာပြီး လူနာလည်ပင်းတွင် ဆွဲကြိုးပုံစံချိတ်ပေးပြီး တံတောင်ဆစ်တွင် ချည်ပေးရပါသည်။ အိမ်တစ်အိမ်တွင်လည်း လူတစ်ယောက်သေဆုံးလျှင် သင်္ဂြိုလ်ပြီးနောက်(၁၀)ရက်နှင့် (၁၅)ရက်အတွင်း လူသေ၏ ဝိဉာည်ကို ပြန်ယူပေးရပါသည်ဟု ယူဆကြပါသည်။ လူသေ၏ ဝိဉာည်ကျွတ်လွတ်အောင် နွားကိုသတ်၍ ပွဲအကြီးအကျယ်လုပ်ပေး ရကြောင်း သိရှိရပါသည်။ မြောင်ဇီးလူမျိုး၏ ဓလေ့ထုံးတမ်းများသည် ထူးခြားသည့် ဓလေ့များစွာရှိနေသည်ကို စိတ်ဝင်စားဖွယ် လေ့လာတွေ့ရှိရပါသည်။

 

                                                                      မိုင်းနော်ရိန်း(လူမှုဘဝ)

                                                          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

                                                                   ရုံးအမှတ်(၁၄)၊နေပြည်တော်

                                                                          ၀၉-၄၄၈၅၄၆၈၇၃

Share: