ပအိုဝ်းလူမျိုးများအကြောင်း သိကောင်းစရာများ

          ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းနေထိုင်ကြသော တိုင်းရင်းသားများ၏ မူလဒေသ ရင်းကား တရုတ်အနောက်ပိုင်း မွန်ဂိုကုန်းမြင့်ဒေသ ဖြစ်လေသည်။ မွန်ဂိုကုန်းမြင့်ဒေသတွင် အနေကြာလာသောအခါ လူဦးရေ တဖြည်းဖြည်းတိုးလာပြီး ရေကြည်ရာမြက်နုရာ ဒေသများ ကိုရှာဖွေ၍ ပြောင်းရွှေ့ကြပြန်၏။ ထို့သို့ပြောင်းရွှေ့နေထိုင်ကြရာ သံလွင်မြစ်ကြောင်း၊ မဲခေါင် မြစ်ကြောင်း၊ ဗြဟ္မပုတ္တရမြစ်ကြောင်းများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိလာ ခဲ့ပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ဆင်းသက်လာပုံ

          မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ စာမျက်နှာ(၃၀)၌ မြန်မာ (၇)မျိုးထဲတွင် မြန်မာ၊ ယော(ပရဲ)၊ ရခိုင်၊ ထားဝယ်၊ ပျူ၊ ကမ်းယံ၊ တောင်သူ ဟုရေတွက်ထားသည်ကို ထောက်လျှင် တောင်သူအမည်ခံခဲ့သော ပအိုဝ်းလူမျိုးသည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်လိမ့်မည်ဟု ယူဆရပေသည်။ တိဗက်မြန်မာအုပ်စုတွင် မြန်မာ၊ သက်လိုလို၊ ကချင်၊ ချင်း၊ နာဂနှင့် ကရင် ဟုသတ်မှတ်ထားသည်။ ပအိုဝ်းကို ကရင်အုပ်စုတွင် ထည့်သွင်းထားသောကြောင့် တိဗက် မြန်မာအစုပင် ဖြစ်သည်ဟု ယူဆဖွယ်ရာရှိသည်။

          ဆာဂျေဂျော့စကော့( Sir J.George Scott )မှတ်တမ်းအရလည်း ပအိုဝ်းတိုင်းရင်း သားတို့သည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းဘက်မှသာလျှင်မကဘဲ ယိုးဒယား၊ ကမ္ဘောဒီး ယား မဲခေါင်မြစ်ဝှမ်းတောင်ပိုင်းဒေသတွင်လည်း ပြန့်ကျဲနေထိုင်လျက်ရှိကြောင်း ဖော်ပြထား သည်။

( Major Enrequeeze ) မေဂျာအင်ရီကွိဇ် ပြုစုသည့် မြန်မာနိုင်ငံလူမျိုးများ အကြောင်းစာအုပ်တွင်လည်း ကရင်သည် ထိုင်းတရုတ်အနွယ်မှ ဆင်းသက်သည်ဟုရေးသား ထားလေသည်။ ကရင်ဘဝ ဓလေ့စာအုပ်တွင် ပအိုဝ်းသည် ကရင်အနွယ်စုဖြစ်ပြီး ကရင်သည် ထိုင်းတရုတ်အုပ်စုမှ ဆင်းသက်လာသည်ဟု ရေးသားဖော်ပြထားသည်ကို တွေ့ရှိရပေသည်။ ထို့ကြောင့် အထက်ပါ ပညာရှင်များ၏ ယူဆချက်များကိုကြည့်လျှင် တောင်သူခေါ် ပအိုဝ်းတိုင်းရင်းသားတို့သည် တိဗက်မြန်မာအုပ်စုတွင် ပါဝင်သည်ဟုလည်း ကောင်း၊ ထိုင်းတရုတ်အုပ်စုတွင် ပါဝင်သည် ဟုလည်းကောင်း အယူအဆတွေကွဲပြားနေပေသည်။

မည်သို့ပင်ဆိုစေကာမူ မြန်မာပြည်ဖွား တိုင်းရင်းသားအားလုံးသည် တိဗက်ကုန်းမြေ မြင့်မှ ပေါက်ဖွားဆင်သက်လာသော မွန်ဂိုအနွယ်ဝင်များဖြစ်ကြသည်။  

ကိုးကွယ်ယုံကြည်မှုဓလေ့ထုံးစံ

          ပအိုဝ်းတိုင်းရင်းသားတို့၏ ဗုဒ္ဓဘာသာကိုးကွယ်ယုံကြည်မှုသည် သမိုင်းအရ သုဝဏ္ဏ ဘူမိ(သထုံ)နေပြည်တော်ကို  အုပ်ချုပ်သည့် သူရိယစန္ဒာမင်းလက်ထက်ကတည်းက စတင်ခဲ့ သည်။ ပအိုဝ်းမင်းဆက်များတွင် သူရိယစန္ဒာမင်းသည် အထင်ရှားဆုံးမင်းဖြစ်သည်။ ထိုသူရိယစန္ဒာအမည်ရှိသည့် ပအိုဝ်းတို့၏ မဟာဒွတ္တပေါင်မင်းကြီးသည် နေနတ်မျိုးနွယ် ဖြစ်သည်ဟု ရာဇဝင်အဆိုရှိသည်။ သူရိယစန္ဒာမင်းသည် မြတ်ဗုဒ္ဓကို သုံးကြိမ်တိုင်အောင် ကိုယ်တိုင်ကိုယ်ကျ ဖူမြော်ခွင့်ရရှိခဲ့သည်။ သူရိယစန္ဒာမင်းသည် ပထမအကြိမ် မြတ်ဗုဒ္ဓကို ဖူးမြော်ရချိန်မှာ မြတ်စွာဘုရားက ဆံတော်(၃)ပင်ကို ပေးတော်မူခဲ့သည်။ သူရိယစန္ဒာမင်း သည် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ကိုးကွယ်သည့်နည်းတူ တိုင်းသူပြည်သားဖြစ်သော ပအိုဝ်းလူမျိုးတို့သည်လည်း ထေရဝါဒဗုဒ္ဓဘာသာကို စတင်ကိုးကွယ်ခွင့်ရရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ယနေ့တိုင်အောင် ပအိုဝ်းတိုင်းရင်းသားတို့သည် ထေရဝါဒဗုဒ္ဓဘာသာကို နက်ရှိုင်းစွာ ကိုးကွယ်ယုံကြည်ခဲ့ကြသည်။

          ပအိုဝ်းတိုင်းရင်းသားတို့သည် ရှေးအစဉ်ဆက်ကပင် ဗုဒ္ဓဘာသာဝင်ဖြစ်သည်အား လျှော်စွာ အနန္တငါးပါးကို ရိုသေကိုင်းရှိုင်းကြသည်။ တစ်ဦးကိုတစ်ဦး ရိုင်းပင်းကူညီခြင်း၊  ရိုးသားဖြူစင်ခြင်း၊ ပွင့်လင်းခြင်း၊ အေးချမ်းလွတ်လပ်စွာနေထိုင်လိုခြင်း၊ ခွင့်လွတ်တက်ခြင်း စသည်တို့သည် ပအိုဝ်းတိုင်းရင်းသားတို့၏ သဘာဝစရိုက်ပင်ဖြစ်ပါသည်။

ပအိုဝ်းတိုင်းရင်းသားတို့၏ ဝတ်စားဆင်ယင်မှု

          ပအိုဝ်းအမျိုးသားတို့၏ ဝတ်စားဆင်ယဉ်မှုမှာ အနက်ရောင်သည် အဓိကအရောင် ဖြစ်ပြီး ပအိုဝ်းတိုင်းရင်းသားများ၏ မူပိုင်အရောင်သဖွယ်ဖြစ်နေသည်။

          ပအိုဝ်းတိုင်းရင်းသားများသည် အနက်ရောင်ဘောင်းဘီပွနှင့် အနက်ရောင် တိုက်ပုံ အင်္ကျီကို ဝတ်ဆင်ကြသည်။ အတွင်းတွင် ရှပ်အင်္ကျီအဖြူရောင် ဝတ်ဆင်လေ့ ရှိကြသည်။ ခေါင်းပေါင်းကို ပေါင်းထားပြီး အရောင်မျိုးစုံ ပေါင်းလေ့ရှိကြသည်။ ရှေးယ ခင်က ဖိနပ်စီးသူနည်းပါးပြီး ဘွတ်ဖိနပ်(သို့မဟုတ်) ရှူးဖိနပ်များကို စီးကြသည်။ ယခုအခါ တွင် အမျိုးသားများသည် ဖိနပ်မျိုးစုံကို စီးလေ့ရှိကြသည်။

ဘောင်းဘီမှာ အပွဖြစ်၍ ခါး၌ အဝကျယ်သည်။ ဘောင်းဘီဝတ်သည့်အခါ ခါးစည်း ကြိုးကို အသုံးပြုသည်။ ခါးရှိ အစနှစ်စကို တစ်ခုအပေါ် တစ်ခုထပ်လျက်မှ ခါးစည်းကြိုး စည်းလိုက်သည့်အခါ ခါးပုံစံပေါ်လာသည်။ ယခုခေတ် ပအိုဝ်းအမျိုးသားဝတ်စုံမှာ ဘောင်းဘီ၊ စွပ်ကျယ်၊ ရှပ်အင်္ကျီ၊ တိုက်ပုံနှင့် ခေါင်းပေါင်းတို့ဖြစ်ပြီး လွယ်အိတ်တစ်လုံး လွယ်ထားလေ့ရှိသည်။

အမျိုးသမီး၏ဝတ်စုံမှာ ခတ်ကျယ်ကျယ်ပွပွ သင်တိုင်းဖြစ်သည်။ ၎င်းတွင် လည်ပင်းပတ်လည် ရှေ့နောက် အင်္ဂလိပ်အက္ခရာ ဗွီ ပုံသဏ္ဍာန် ယက်ထားသည့် အနက်ရောင် သင်တိုင်းဖြစ်သည်။ လက်မောင်းပေါက် အဝကျယ်နှစ်ဘက်ပါရှိသည်။ ကိုယ်အောက်ပိုင်းတွင် ဂါဝန်ပုံစံလုံးပတ်ကျယ်ကျယ် လှုပ်ရှားရလွယ်ကူသည့် ‘နီး’ခေါ် ခါးဝတ်လုံချည်ကို အသုံးပြု ဝတ်ကြသည်။ အရှည်မှာ ဒူးဆစ်ကျော်ရုံအထိသာ ရှိပြီး ယခုအခါ ခြေသလုံးအထိ ဝတ်ဆင်ကြသည်။

          ပအိုဝ်းအမျိုးသမီးများသည် ဆံပင်ကို ခေါင်းအထက်စုစည်းပြီး ဆံထုံးထုံးထားလေ့ ရှိသည်။ ရှေးယခင်က ၎င်းဆံထုံးကို ခေါင်းဘီဖြင့် ပတ်၍ထုံးလေ့ရှိသည်။ ၎င်းဆံထုံးကို ခေါင်းဆောင်းခေါ် တဘက်ဖြင့် ပတ်ထားလေသည်။ ပွဲလမ်းသဘင်သွားသည့်အခါ ဆံထုံး ပေါ်တွင် ရွှေဆံထိုးဖြင့်ထိုး၍ အလှဆင်လေ့ရှိသည်။ ရွှေဆံထိုးပေါ်တွင် စေတီပုံစံ ရွှေဆံထိုးအချွန်နှင့် ထပ်တစ်ရာပန်းပုံစံ ရွှေဆံထိုးအဝိုင်းကို ထိုးလေ့ရှိသည်။ စေတီပုံသဏ္ဍာန် ဆံထိုးအချွန်သည် နဂါးမ၏ အမောက်ကို ကိုယ်စားပြု၍ ရွှေဆံထိုးအဝိုင်းက မိခင်နဂါးမ၏ မျက်လုံးကို ကိုယ်စားပြုကြောင်း သိရှိရပါသည်။

အနုပညာနှင့်တူရိယာများ

          ဂီတအနုပညာသည် လူမျိုးတစ်မျိုး၏ အမျိုးသားယဉ်ကျေးမှုအင်္ဂါရပ်များကို ထင်ပေါ် အောင် ဖော်ဆောင်ပေးသည်။ ထိုနည်းတူ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ၎င်းတို့၏ ပျော်ပွဲရွှင်ပွဲများ ရိုးရာပွဲလမ်းသဘင်များကို မြူးကြွအောင် ၎င်းတို့၏ တေးဂီတအနုပညာနှင့် တူရိယာများဖြင့် ဖျော်ဖြေဆင်နွဲကြပါသည်။

          ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာတူရိယာများမှာ မောင်းဆိုင်းများ၊ လေမှုတ်တူရိယာ များနှင့် ကြိုးတပ်တူရိယာများဟူ၍ (၃)အုပ်စုရှိသည်။ (၁၈)ရာစုနှောင်းပိုင်းနှင့် (၁၉)ရာစု တွင် ပအိုဝ်းတို့သည် အနောက်တိုင်းမှ ပေါ်ထွက်လာသည့် တူရိယာများဖြစ်သည့် အကော် ဒီယံခေါ် လက်ဆွဲဘာဂျာ၊ ဂစ်တာ စသည်တို့ကိုလည်း ခေတ်နှင့်အညီ စတင်အသုံးပြု လာခဲ့သည်။ ပအိုဝ်းတိုင်းရင်းသားတို့၏ ရိုးရာတူရိယာ များထဲတွင် မောင်းဆိုင်းများသည် ရှေးယခင်နှစ်ပေါင်းများစွာ ယနေ့ထိတိုင် ထင်ပေါ် ကျော်ကြားလျက်ရှိသော်လည်း လေမှုတ် တူရိယာနှင့် ကြိုးတပ်တူရိယာမှာ ပျောက်ကွယ်လုနီး ပါးပြီဖြစ်ကြောင်း တွေ့ရှိရပါသည်။

          ပအိုဝ်းတိုင်းရင်းသားတို့သည် ရိုးရာပွဲတော်များတွင် အဓိကအားဖြင့် မောင်းမွူးခေါ် မောင်းကြီးဆိုင်း၊ ထုံမေးဆွာခေါ် ဗုံရှည်မောင်းဆိုင်းနှင့် ထုံထွိုင်းခေါ် ဗုံတိုမောင်းဆိုင်း စသည့် တူရိယာများကို ပိုပြီး အသုံးပြုလေ့ရှိကြသည်။

မိုင်းနော်ရိန်း(လူမှုဘဝ)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

၀၉-၄၄၈၅၄၆၈၇၃

Share: