တောင်ရိုးလူမျိုးအကြောင်း သိကောင်းစရာ

တောင်ရိုးတိုင်းရင်းသားတို့၏ ဆင်းသက်လာပုံ

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် နေထိုင်ကြသောတိုင်းရင်းသားလူမျိုးစုများနှင့် ပတ်သက်၍ ပညာရှင်အသီးသီး၊ သုတေအသီးသီးတို့က မိမိတို့၏လေ့လာတွေ့ရှိမှုအပေါ်မူတည်၍ ထင်မြင်ချက်အမျိုးမျိုးကို ရေးသားပြုစုဖော်ပြခဲ့ကြသည်။ တောင်ရိုးတိုင်းရင်းသားတစ်ဦး ဖြစ်သော တောင်ရိုးလေးစံပျော်(၂၀၀၉)ရေးသားပြုစုထားသော “တောင်ရိုးတိုင်းရင်းသား ရာဇဝင်သမိုင်းအကျဉ်းချုပ်”စာအုပ်တွင် တောင်ရိုးတိုင်းရင်းသားလူမျိုးများ မွေးဖွားဆင်းသက် လာပုံနှင့်ပတ်သက်၍ ဖော်ပြထားသည်မှာ အရိမဒ္ဒနာပေါက္ကံရာမပုဂံဘုရင် တန်နက်မင်းကြီး၏ မိဖုရားကြီးသည် တန်နက်မင်းအား စလေငခွေးလုပ်ကြံ၍ ငခွေးမင်းဖြစ်သောအခါ ငခွေးက မိဖုရားမြောက်စားမည်ကိုမလိုလားသဖြင့် တန်နက်မင်း၏မိဖုရားကြီးသည် ဝမ်း၌ပဋိသန္ဓေရှိ နေလျက် မိမိနှင့်အတူပါလာသော အခြွေအရံများကိုခေါ်၍နေလေ၏။ ထိုအရပ်ကို သုဝဏ္ဏသော တနဂါးပြည်သို့ သွားသောလမ်းဟုဆို၏။ ယခုအခါ နောင်နန်းလိုဏ်ဂူချောင်ဖြူအရပ်သည် ရှမ်းပြည်တောင်ပိုင်းနှင့် သာစည်နယ်စပ်ရှိ ချောင်ဖြူရွာနှင့် နောင်နန်းလိုဏ်ဂူဟုဆိုကြ၏။

တန်နက်မင်း၏ မိဖုရားကြီးသည် ထိုအရပ်မှာပင် သားတော်တစ်ပါးကို ဖွားမြင်တော်မူ၏ အမည်မှာ တောင်ရိုးအခေါ် “ဖိုးဆော်” ဟုတွင်လေ၏။ (ဤနေရာတွင် ဖော်ပြလိုသည်မှာ) တန်နက်မင်း၏ မိဖုရားကြီးသည် ဓညဝတီရခိုင်ပြည့်ရှင်မင်းကြီးတစ်ပါး၏သမီးတော်ဟုဆို၏။ ထိုမိဖုရားနှင့်အတူပါလာကြသော အခြွေအရံကိုယ်လုပ်တော် အဖော်များသည် ရခိုင်ပြည်မှ ပါလာကြသော ရခိုင်လူမျိုးများဖြစ်၏။ နောင်နန်းလိုဏ်ဂူချောင်ဖြူအရပ်၌ ရွာကလေးတည်၍ နေထိုင်ကြပြီး တောင်ကုန်း၊ ရိုးမ မကျန်ရွေ့ပြောင်းကာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးမှုပြုကြ နေထိုင်ကြရင်း အချိန်ကြာလာသောအခါ မိဖုရားကြီးနှင့် အခြွေအရံလူတစ်စု ကို “တောင်ရိုးပျော်” “တောင်ရိုးလူမျိုး”ဟုမှည့်ခေါ်ကြသည်ဟု ဖော်ပြပါရှိသည်။ ဤကဲ့သို့ သမိုင်းရာဇဝင်အဆိုကို အများကလက်ခံကြပြီး တောင်ရိုးတိုင်းရင်းသားတို့သည် ရခိုင်လူမျိုးတို့မှ ဆင်းသက်လာသူများဖြစ်ကြသည်ဟု ဒေသခံအချို့ထဲမှ ယုံကြည်သူများလည်းရှိသည်။

ကိုးကွယ်ယုံကြည်မှု

          တောင်ရိုးတိုင်းရင်းသားအများစုသည် ဗုဒ္ဓဘာသာကိုးကွယ်ကြသူများဖြစ်သည်ဟု သိရှိရ ပါသည်။ တောင်ရိုးတိုင်းရင်းသားများသည် ဘာသာတရားကိုင်းရှိုင်းကြပြီး အလှူအတန်းမှာ လည်း ရက်ရောကြကြောင်းကို ဘာသာရေးဆိုင်ရာအဆောက်အဦးများ၏ ကြီးကျယ်ခန်းနားမှု များကို မြင်တွေ့ရုံဖြင့်ပင်သိရှိနိင်ပါသည်။ တောင်ရိုးတိုင်းရင်းသားများသည် ဘာသာရေးဆိုင်ရာ ပွဲတော်များကိုလည်း ရာသီအလိုက် ကျင်းပလျက်ရှိကြောင်းသိရှိရပါသည်။

         

တောင်ရိုးတိုင်းရင်းသားတို့နေထိုင်ရာဒေသ၏ထူးခြားသော ဘာသာရေးနှင့်ဆိုင်သော ဓလေ့ထုံးစံတစ်ခုမှာ “ငါးကျောင်းဒကာ”သတ်မှတ်ခြင်းနှင့် “ဆွမ်းလှည့်” သတ်မှတ်ထားခြင်း ဖြစ်သည်။ ငါးကျောင်းဒကာဆိုသည်မှာ ဒေသအတွင်းရှိ ရွာစဉ်အလိုက်ရွာငါးရွာလျှင် ဘုန်းကြီး ကျောင်းတစ်ကျောင်းနှုန်းဖြင့် ဆွမ်း-ကွမ်းကိစ္စများကို တာဝန်ယူ လှူဒါန်းဆောင်ရွက်ပေးရခြင်း ဖြစ်သည်။ အချို့ကျေးရွာများတွင်မူ ငါးကျောင်းဒကာဟုဆိုသော်လည်း ရွာငါးရွာမဟုတ်ဘဲ ၆ ရွာ၊ ၇ ရွာ စသည်ဖြင့် ရှိပေသည်။ ဆွမ်းလှည့်ဆိုသည်မှာ မိမိတို့ရွာမှ ကိုးကွယ်ပူဇော်နေကြသော ဘုန်းကြီးကျောင်းမှ သံဃာတော်များအား နေ့စဉ်အလှည့်ကျ ဆွမ်း၊ ဆွမ်းဟင်းများချက်၍ လှူဒါန်းရန်အတွက် တစ်အိမ်ကို တစ်လလျှင် ၁ ရက်၊ ၂ရက် စသည်ဖြင့် အလှည့်ကျသတ်မှတ် ပေးထားခြင်းဖြစ်သည်။

         

တောင်ရိုးကျေးရွာများတွင် နေအိမ်အချို့မှာ ဗုဒ္ဓဘုရားအပြင် နတ်ကိုးကွယ်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် ရွာစောင့်နတ်စင်များကို အဝင်ထိပ်တွင် ထားလေ့ရှိသည်။ နတ်ကိုးကွယ်သည့်သူများသည် နတ်စင်များတွင် လပြည့်၊ လကွယ်နေ့များ၌ ဆွမ်း၊ သောက်တော် ရေနှင့် ပန်းတို့အပြင် မုန့်အချိုများကိုပါ ထည့်၍ တင်လှူလေ့ရှိသည်။

တောင်ရိုးတိုင်းရင်းသားတို့သည် ဗုဒ္ဓဘာသာဝင်များဖြစ်သည့်အလျာက် ဘာသာရေးနှင့် ပတ်သက်သောပွဲတော်များကိုလည်း အချိန်အခါအလိုက် ကျင်းပလေ့ရှိကြသည်။ တန်ခူးလတွင် တာတက်ပွဲ၊ ကဆုန်လတွင် ညောင်ရေသွန်းပွဲနှင့် ဆွမ်းလောင်းပွဲ၊ ဝါဆိုလတွင် ဝါဆိုသင်္ကန်း ကပ်လှူပွဲနှင့် တရားစခန်းပွဲတို့ကို ပြုလုပ်လေ့ရှိကြသည်။ အထူးသဖြင့် သင်္ကြန်အပြီးကျင်းပသော တာတက်ပွဲမှာ အကြီးမားဆုံးနှင့် ပျော်စရာအကောင်းဆုံးပွဲတော် ဖြစ်သည်။

တောင်ရိုးတိုင်းရင်းသားတို့၏ဝတ်စားဆင်ယင်ထုံးဖွဲ့မှု

          တိုင်းရင်းသားတို့တွင် မိမိတို့ကိုယ်ပိုင်ရိုးရာဝတ်စုံများရှိကြပါသည်။ ယခုခေတ်တောင်ရိုး တိုင်းရင်းသားများ၏ အမျိုးသားဝတ်စုံမှာ ရှမ်းတိုင်းရင်းသားများ၏ အမျိုးသားဝတ်စုံနှင့် ဆင်တူပါသည်။ ဘောင်းဘီနက်ပြာရောင်နှင့် ရှပ်အင်္ကျီလက်ရှည်အပြာနုရောင်ဝတ်စုံဖြစ်ပါသည်။ အသက်အရွယ်ကြီးသည့် တောင်ရိုးအမျိုးသားများမှာ ခေါင်းပေါင်း ပေါင်းကြပါသည်။ ခေါင်းပေါင်းကို မျက်နှာသုတ်ပဝါများ(တဘက်)ဖြင့် ပေါင်းကြပါသည်။ အလုပ်လုပ်ရင်းဖြစ်စေ၊ ရပ်ထဲရွာထဲသွားလျှင်ဖြစ်စေ အသက်ကြီးသူများမှာ ခေါင်းပေါင်းလေ့ရှိပါသည်။ အမျိုးသား များသည် မိမိတို့၏ ရိုးရာပွဲတော်ရက်၊ အခမ်းအနားများနှင့် နေ့ကြီးရက်ကြီးများမှလွဲ၍ ကျန်အချိန်များတွင် ခေတ်နှင့်လျော်ညီသော ပုဆိုး၊ ဘောင်းဘီ၊ ရှပ်အင်္ကျီ၊ တီရှပ်များဝတ်ဆင်ကြ ပါသည်။

          တောင်ရိုးတိုင်းရင်းသားအမျိုးသမီးများ၏ ဝတ်စုံမှာ ဒူးအောက်ဂါဝန်(သင်တိုင်း)လက်တို ဖြစ်ပြီး အရောင်မှာ အရောင်ဖြစ်သည်။ ယခင်က အခြေခံအရောင်များဖြစ်သည့် အနက်ရောင်၊ အဖြူ၊ အနီ စသည့်အရောင်များရောယှက်၍ ဂျပ်ခုတ်ရက်လုပ်ဝတ်ဆင်ကြသည်။ ရှေးယခင်က အထည်ရက်ချန်ချည်များကို ဝယ်ယူပြီး ဝတ်စုံကို ကိုယ်တိုင်ရက်လုပ်ကြသည်။ အင်္ကျီကို ဒေသမှထွက်ရှိသော ရွေးပင်တစ်မျိုး၏ အစေ့များဖြင့် လည်ပင်း၊ လက်ဖျားနှင့် အောက်ဖက် အနားတို့တွင် သီကုံးတန်ဆာဆင်ကာ ဝတ်ဆင်လေ့ရှိကြသည်။

အနုပညာနှင့်တူရိယာများ

          တောင်ရိုးတိုင်းရင်းသားတို့၏ တေးဂီတအနေဖြင့် လောင်လစ်(ခေါ)ပလွေ ဦးဆောင်တီးရ သည့် (တီးတောင်တီးဝိုင်း)၊ အိုးစည်၊ လင်းကွင်း၊ မောင်းကြီးတစ်လုံး၊ မောင်းလတ်တစ်လုံး၊ မောင်းငယ်သုံးလုံးခန့်ဖြင့် တီးရသော “စည်ဆိုင်း”နှင့် နှစ်ဘက်ပိတ်စည်တိုတစ်လုံး၊ လင်းကွင်း ကြီးတစ်စုံ၊ မောင်းကြီးတစ်လုံးနှင့် မောင်းလတ်မှစ၍ ကြီးစဉ်ငယ်လိုက် မောင်း(၁၅)လုံးမှ အလုံး(၂၀)ဖြင့် တီးရသော “မောင်းဆိုင်း” ဟူ၍ ရှိပေသည်။

တိုင်းရင်းသားလူမျိုးစုတိုင်းတွင် မိမိတို့၏ ကိုယ်ပိုင်ရိုးရာ ယဉ်ကျေးမှုဓလေ့ထုံးစံနှင့် ကိုက်ညီသည့် တေးဂီတ၊ အကအခုန်များ ရှိကြပါသည်။ ၎င်းအနုပညာများဖြင့် မိမိတို့လူမျိုး သမိုင်းကြောင်း၊ အတွေးအခေါ်၊ ချစ်ခြင်းမေတ္တာများကို ဖော်ပြနိုင်ကြသည်။

တောင်ရိုးတိုင်းရင်းသားတို့တွင်လည်း ၎င်းတို့၏ ဓလေ့ထုံးစံနှင့် ကိုက်ညီသည့် တေးဂီတ၊ အကအခုန်များကို ရှေးယခင်ကတည်းကတီထွင်ခဲ့ကြရာ တိုင်းရင်းသားအလှအက၊ မောင်းဆိုင်း အက၊ စည်သိုင်းအက၊ တီးတောင်တီးဝိုင်းအက၊ တာတက်ပွဲအက၊ ဓားသိုင်းအက၊ မီးသိုင်းအက စသည်ဖြင့် အမျိုးအစားအများအပြားရှိပါသည်။ မောင်းဆိုင်းအကမှာ သိုင်းအကဟုလည်း ခေါ်ကြသည်။ မောင်းဆိုင်းကရာတွင် သိုင်းပညာကိုအသားပေးကာ ဖြေညှင်းစွာ ကကြရသည်။ စည်သိုင်းအကမှာ အမျိုးသားများသည် သိုင်းကွက်နင်းကာ ကကြသော်လည်း မြန်မြန်ဆန် ဆန်နှင့် တက်တက်ကြွကြွကကြရသည်။ တီးတောင်တီးဝိုင်းအကမှာလည်း အမျိုးသားနှင့် အမျိုးသမီးတွဲကာ ငြိမ့်ငြိမ့်ညောင်းညောင်းကပြရသည်။ ဓားသိုင်းအကမှာ တစ်ဦးချင်း၊ အတွဲလိုက်ချင်းအစွမ်းပြကလေ့ရှိသည့်အကဖြစ်သည်။ အများနှင့်စုစည်း၍ ကကြရသောအကမှာ လူပျိုအပျိုအက ငယ်ရွယ်သူတို့ အချင်းချင်းစုပေါင်း ကလေ့ရှိသည့်အကဖြစ်သည်။ အမျိုးသား၊ အမျိုးသမီးတွဲ၍ ကကြသော စုံတွဲအကများရှိသည်။

တောင်ရိုးတိုင်းရင်းသားတို့၏စာပေနှင့်ဘာသာစကား

          စာပေမြင့်မှ လူမျိုးတင့်မည်ဆိုသည့်အတိုင်း တောင်ရိုးမျိုးနွယ်စုများသည် ကိုယ်ပိုင် အမျိုးသားစာပေတိမ်မြုပ်ခဲ့ရသောကြောင့် ဘာသာရေး၊ ပညာရေး၊ စီးပွားရေး၊ ကျန်းမားရေး စသော အသိများနောက်ကျခဲ့ရပေသည်။ စာပေနှစ်မြုပ်သောကာလမှာ တောင်ရိုးတိုင်းရင်းသား တို့ ဖွံ့ဖြိုးမှုကို အဘက်ဘက်မှ နောက်ကျစေခဲ့သည်။

          တောင်ရိုးစာပေကို တီကျစ်မြို့၊ မြို့မကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ၊ အောင်ပန်းမြို့ လှည်းရိုးစာသင်တိုက်ဆရာတော် ဘဒ္ဒန္တအဿယုဇနှင့် တောင်ကြီးမြို့ဥတ္တရာရုံ စာသင်တိုက် စာချဆရာတော် ဘဒ္ဒန္တဓမ္မာနန္ဒာလင်္ကာရ မထေရ်မြတ်တို့က ဖော်ထုတ်ရေးသား ထားပြီး သင်ပုန်းကြီးဖတ်စာဖြစ် သင်ကြားပေးလျက်ရှိပါသည်။

          တောင်ရိုးဝေါဟာရ စကားလုံးများသည် မြန်မာစကားနှင့်  ပအိုဝ်းစကားတို့၏ ကြားဝင် စကားလေယူလေသိမ်းများဖြင့် ပြောကြားရသော စကားလုံးများဖြစ်ပါသည်။ ဗျည်းများ၊ သရများ၊ အသတ်များ၊ ကာရန်များသည်လည်း မြန်မာစာပေ၊ ပအိုဝ်းစာပေတို့နှင့်အတူတူပင် ဖြစ်ပါသည်။ ထို့ကြောင့် တောင်ရိုးစာပေကို ဖော်ထုတ်ရေးသားရာတွင် မြန်မာစာပေ သင်ပုန်းကြီးနှင့် ပအိုဝ်းစာပေသင်ပုန်းကြီးတို့ကို အားကိုး အားထားပြု၍ နည်းမှီရေးသားထား သည်ဟု သိရှိရပါသည်။

          မိမိတို့၏ ကိုယ်ပိုင်စာပေကို ချစ်မြတ်နိုးခြင်း၊ ဘာသာတရားကို ထောက်ပံ့ထိန်းသိမ်းခြင်း၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာများကို မပျောက်ပျက်အောင် ထိန်းသိမ်းခြင်းစသော ကိစ္စရပ်များကို ပြုကြရန်မှာ တောင်ရိုးတိုင်းရင်းသားအားလုံးတို့၏ ဘဝပေးတာဝန်တစ်ရပ်အဖြစ် မှတ်ယူထားကြသည်။ ထို့အပြင် အမျိုးသားစာပေနှင့်ယဉ်ကျေးမှုများ ယခုထက်မကတိုးတက် ပြန့်ပွားနိုင်စေရန် စာပေပညာရှင်များ၊ အနုပညာရှင်များသ်ည မီးခဲပြာဖုံးသဖွယ်ဖြစ်နေသည့် အင်မတန် တန်ဖိုးကြီးလှသော မိမိတို့၏ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာပညာရပ်များကို သေရွာသို့ မယူဆောင်စတမ်း လက်ဆင့်ကမ်း၍ ဖော်ထုတ် သီဆိုရေးသားသင်ကြားပေးကြပါရန် လည်း ဆရာတော်နှင့် စာပေပညာရှင်များမှ တိုက်တွန်းထားပါသည်။

          တောင်ရိုးတိုင်းရင်းသားများသည် ပင်လောင်း၊ ကလော၊ ပင်းတယစသော မြို့နယ် အသီးသီး ကျေးရွာအသီးသီးတို့၌ နေရာအနှံ့အပြား ပြန့်နှံ့နေထိုက်ကြပေသည်။ စကားပြော ဆိုရာ၌ လေယူလေသိမ်း စကားလုံးဝေါဟာရအနေအထား အနိမ့်အမြင့် အလေးအပေါ့တို့သည် နေရာဒေသကိုလိုက်၍ ကွာဟမှုရှိနေကြပေသည်။ ယခုရေးသားထားသော စာပေသည် ဒေသ အသီးသီးတို့၌ မှီတင်းနေထိုင်ကြသော တောင်ရိုးတိုင်းရင်းသားတို့၏ စကားနှင့် စာပေ၊ စာပေနှင့်စကား၊ အနည်းငယ်ကွာဟမှုများ ရှိနေခဲ့သည်ဟုဆိုပါသည်။

          တောင်ရိုးတိုင်းရင်းသားများသည် မြတ်စွာဘုရားဟောကြားတော်မူသော ဓမ္မ ဒေသနာတော်များနှင့် လောကီပညာရပ်များကို တောင်ရိုးဘာသာဖြင့်ဖြန့်ဖြူးခြင်း၊ လေ့လာ သင်ကြားခြင်းစသည်ဖြင့် ကြိုးစား၍ပြလုပ်ကြပါက ပညာရေး၊ ကျန်းမာရေးစသော ဗဟုသုတ များ ပိုမိုရရှိနိုင်ကြမည်ဖြစ်သည်ကို နားလည်သဘောပေါက်လာသည့်အပြင် ဘုရားရှိခိုး၊ ဆွမ်းတော်၊ ပန်းတော်စသည်များ ဆက်ကပ်လှူဒါန်းရာ၌လည်း တောင်ရိုးဘာသာဖြင့်သာ ရွက်ဆိုပူဇော်ပသခဲ့ကြသည်။

 

 

မိုင်းနော်ရိန်း(လူမှုဘဝ)

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန

၀၉-၄၄၈၅၄၆၈၇၃

Share: