သထုံမြို့နယ်၊ နောင်ကုလားကျေးရွာတွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြော၊ တိုင်းရင်းသားရေးရာအခြေခံအချက်အအလက်များ ကောက်ယူ

နေပြည်တော် မေ ၂၁

ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် တိုင်းရင်းသားရေးရာ အခြေခံအချက်အလက်များ ကောက်ယူခြင်းတို့ကို ၂၀၁၉ ခုနှစ်၊ မေလ ၂၁ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး၏ အစီအစဉ်ဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၊ အလယ်ရွာတိုက်ကျောင်းတွင် ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့၊ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ သထုံခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်း၊ နောင်ကုလား ကျေးရွာအုပ်ချုပ်ရေးမှူး၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီအဖွဲ့ဝင်များ၊ ဒေသခံပအိုဝ်းတိုင်းရင်းသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်တို့မှ အသီးသီး အမှာစကား ပြောကြားခဲ့ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့မှ တိုင်းရင်းသားအခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာကိစ္စရပ်များကို ရှင်းပြ၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခင်မှ ဝန်ကြီးဌာနမိတ်ဆက်ခြင်းနှင့် စစ်တမ်းကောက်ယူရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသူများက စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြပြီး ပအိုဝ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နန်းစံဝင့်ခိုင်က နိဂုံးချုပ် အမှာစကားပြောကြားကာ တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းပေးအပ်၍ နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဒေသခံတိုင်းရင်းသား ၁၈၀ ဦးခန့် တက်ရောက်ခဲ့ပြီး ၅၀ ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: