September 10, 2019 News 0 Comments

ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းခွင်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၁၉) ဖွင့်လှစ်

နေပြည်တော်၊ စက်တင်ဘာ ၉

          ပြည်သူ့ဘဏ္ဍာငွေများအား စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရန်နှင့် ပြည်သူ့ဘဏ္ဍာများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်စေရန် ရည်ရွယ်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ဝန်ထမ်းများအား ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ် ၁/၂၀၁၉ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန စုပေါင်းခန်းမတွင် ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများ၊ နေပြည်တော်နှင့် တိုင်းဒေသကြီးပြည်နယ်အသီးသီးရှိ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ၂၀၁၆ ခုနှစ်တွင် ဝန်ကြီးဌာန စတင်ဖွဲ့စည်းခဲ့ပြီး ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးရန် ဖက်ဒရယ်ဆိုင်ရာ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ၊ လူမှုပေါင်းစည်းရေးဆိုင်ရာ စသည့်သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခဲ့ပါကြောင်း၊ ဝန်ထမ်းများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် အခြားဝန်ကြီးဌာနများက ဖွင့်လှစ်သည့် သင်တန်းအသီးသီးသို့ တက်ရောက် ရန်စေလွှတ်ခဲ့ပါကြောင်း၊ ထို့အပြင် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်သည့် ပညာသင်ဆုများကိုလည်း လျှောက်ထား တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ဌာနများတွင် ဘဏ္ဍာ ရန်ပုံငွေကိစ္စရပ်သည် အရေးပါသကဲ့သို့ ဘဏ္ဍာရန်ပုံငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေဘဲ စနစ်တကျ နည်းလမ်း မှန်ကန်စွာ သုံးစွဲရေးမှာလည်း အရေးကြီးပါကြောင်း၊ ရန်ပုံငွေသုံးစွဲရာတွင် နိုင်ငံတော် က ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးတို့က သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရန် လိုအပ် ပါကြောင်း၊ ထို့အပြင် အရအသုံး ခန့်မှန်းခြေငွေစာရင်းများ ပြုစုခြင်း၊ ဘဏ္ဍာငွေများတောင်းခံခြင်း နှင့် အကျိုးရှိ ထိရောက်စွာ သုံးစွဲခြင်းများကို သိရှိနားလည်ထားရန်လည်း အထူးလိုအပ်လှကြောင်း၊ လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးပြည်နယ်များရှိ ဌာနခွဲများအလိုက် ဘဏ္ဍာငွေ အရအသုံးစာရင်းများ၊ ငွေစာရင်း MD Account များ ဖွင့်လှစ်မည်ဖြစ်သည့် အတွက် ယခုသင်ကြားမှုများကို မိမိတို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လက်တွေ့ ဆောင်ရွက်သွားကြ ရန်နှင့် တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးအတွက် ယခုသင်တန်းက အထောက်အကူများစွာ ရရှိကြမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏ဘဏ္ဍာငွေကို ချွေချွေတာတာ စည်းကမ်းတကျ မှန်မှန် ကန်ကန် သုံးစွဲနိုင်ရန်အတွက် သင်ယူဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကိုက သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်သူ့ဘဏ္ဍာငွေများအား စီမံခန့်ခွဲရာတွင် မိမိငွေကဲ့သို့ ခြိုးခြံချွေတာရေး၊ အဂတိ မမြောက်သော်လည်း လုပ်ကိုင်မှု မှားယွင်းမှုများ အနည်းဆုံးဖြစ်စေရေး၊ သင်တန်းပြီးစီး၍ လက်တွေ့ ဆောင်ရွက်ကြရာ၌ အခက်အခဲများရှိပါက ဌာနမှ ကျွမ်းကျင်သူများနှင့် ပူးပေါင်း ဆောင်ရွက်သွားကြရန်၊ နောင်နှစ်တွင် MSDP နှင့် ချိတ်ဆက်၍ ပူးပေါင်းဆောင်ရွက်သွားမည့် အစီအစဉ်၊ တာဝန်ခံအရာရှိများအား ပြည်သူ့ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ မွမ်းမံသင်တန်းများ ဆက်လက် ဖွင့်လှစ်သင်ကြားသွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။

          သင်တန်းဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့်အတူ တာဝန်ရှိသူများ၊ သင်တန်းသူ သင်တန်းသားများ စုပေါင်း၍ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

          ဝန်ကြီးဌာနတွင်း ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ငွေတိုက်ဦးစီးဌာန၊ ပြည်တွင်း အခွန်များဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင် ပညာရှင်များက သင်ကြားပို့ချပေးသွားမည် ဖြစ်ပြီး သင်တန်းသူ သင်တန်းသား ဝန်ထမ်းများ အနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်းများကို ပိုမိုနားလည် သဘောပေါက်ကာ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှုများကို လက်တွေ့ဆောင်ရွက်ရာ၌ ပြည်သူ့ဘဏ္ဍာ ငွေများ လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် ပိုမို ထိရောက် ကျွမ်းကျင်စွာဖြင့် ဆောင်ရွက် နိုင်စေမည်ဖြစ်ပြီး သင်တန်းသို့ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(ရုံးချုပ်)များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ညွှန်ကြားရေးမှူးရုံးများရှိ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ယူ ဆောင်ရွက်နေကြသည့် ဝန်ထမ်း စုစုပေါင်း ၆၅ ဦး တက်ရောက်ကာ သင်တန်းကို ၉-၉-၂၀၁၉ ရက်နေ့မှ ၁၃-၉-၂၀၁၉ ရက်နေ့ထိ ၅ ရက်ကြာ ဖွင့်လှစ် ပို့ချ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

(ပြည်ထောင်စုဝန်ကြီးရုံး)

Share: