September 20, 2019 News 0 Comments

တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

နေပြည်တော်  စက်တင်ဘာ ၁၉

တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေအား သိရှိစေရန်နှင့်   မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ မူကြမ်း ရေးဆွဲနိုင်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း၌ နေပြည်တော် မင်္ဂလာသီရိဟိုတယ်တွင် ကျင်းပခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊  ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသ ဦးစီးအဖွဲ့များမှ ဥက္ကဌနှင့် ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်၊ ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှုကော်မတီမှ ကော်မတီဝင်များ၊ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာကော်မတီမှ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာန ဖွင့်လှစ်သည့် ပထမနှစ်တွင် ဖွဲ့စည်းပုံ ရေးဆွဲအတည်ပြုနိုင်ရေး ဘတ်ဂျက်ရရှိရေးနှင့်  ဝန်ထမ်းအင်အား ရရှိနိုင်ရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ဒုတိယနှစ်တွင် တိုင်းဒေသကြီးပြည်နယ်များတွင် ရုံးများ ဖွင့်လှစ် နိုင်ရေး အလေးပေးဆောင်ရွက်ခဲ့ပြီး သက်ဆိုင်ရာဒေသများရှိ တိုင်းရင်းသားများနှင့် ထိတွေ့ကာ တိုင်းရင်းသားရေးရာကိစ္စများကို အစပြုဆောင်ရွက်နိုင်ခဲ့ပြီး ညွှန်ကြားရေးမှူးရုံး အဆောက်အအုံများ ဆောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ တတိယနှစ်တွင် ဝန်ကြီးဌာန၏ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့ပြီး တိုင်းရင်းသားများအချင်းချင်း ရင်းနှီးချစ်ကြည်မှု တိုးပွား စေရန် တိုင်းရင်းသားများအား နေပြည်တော်လေ့လာရေးခရီးစဉ်များ စီစဉ်ပေးခြင်း၊ တိုင်းရင်းသား ကလေးငယ်များ သင်ကြားသင်ယူမှု တိုးတက်စေရေးအတွက် တိုင်းရင်းသားဘာသာစကားများ ဖြင့် ပုံပြပုံပြင်စာအုပ်များ ပုံနှိပ်ဖြန့်ဝေပေးခြင်း၊ ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ အခြေခံပညာကျောင်းများတွင် Teaching Assistant နှင့် Language Teacher များ ခန့်ထားနိုင်ရေး ဆောင်ရွက်ခြင်း၊ လူဦးရေနည်းပါးသည့် တိုင်းရင်းသားများအား မှတ်တမ်းပြုစုခြင်း၊ တိုင်းရင်းသား ရိုးရာဝတ်စုံများပြခန်း ပြုလုပ်စုစည်းခြင်း တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ ပိုမိုသိရှိနိုင်ရေး အသိပညာပေးခြင်းနှင့်အတူ တိုင်းရင်းသားများ၏ ဆန္ဒသဘောထားများကို စစ်တမ်း ကောက်ယူခဲ့ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ ထုတ်ပြန်နိုင်ရေးကို ၂၀၁၇ ခုနှစ်ကစပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်နိုင်ခဲ့ကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များ အကောင်အထည်ဖော်ရန် လမ်းပြမြေပုံဖြစ်လာမည့် မဟာဗျူဟာတစ်ရပ် ပေါ်ထွက်လာရေး၊ အဆိုပါ မဟာဗျူဟာနှင့်အတူ နှစ်အလိုက် အကောင်အထည်ဖော်မည့် Action Plans ဖော်ထုတ် ရေးဆွဲနိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် မတူ ကွဲပြားခြားနားသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံဖြင့် အတူတကွ စုစည်းနေထိုင်ကြသည့် နိုင်ငံတစ်ခု ဖြစ်သည်နှင့်အညီ တန်းတူညီမျှသော နိုင်ငံသားအခွင့်အရေးများနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခွင့််အရေးများကို တိုင်းရင်းသားလူမျိုးများ အပြည့်အဝ ရရှိခံစားနိုင်ရန် လိုအပ်ပါကြောင်း၊ မဟာဗျူဟာပါ ဦးစားပေးလုပ်ငန်းများကို နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်းနှင့်အတူ တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြား ဖွံ့ဖြိုးမှုကွာဟမှု ရှိသည်ဟူသော ခံစားချက်များ လျော့ပါးစေပြီး ရင်ဆိုင်နေရဆဲဖြစ်သည့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ အမြန်ဆုံး အဆုံးသတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုအဖြစ်တည်ထောင်နိုင်ရေးအတွက် အလားအလာကောင်းများ ဖန်တီးတည်ဆောက်ရာတွင် အထောက်အကူပြုစေမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားရေးရာအခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းမှ ရလဒ်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ(မူကြမ်း) ၌ ပါဝင်သင့်သော လုပ်ငန်းအစီအစဉ်များ ပြည့်စုံနိုင်ရေးအတွက် အကြံပြုညှိနှိုင်း ဆွေးနွေးပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

          ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက ညှိနှိုင်းဆွေးနွေးမှုမှ ရလာသော Out Come များ၊ တိုင်းရင်းသားများ၏ ဆုံးဖြတ်ချက်များကို မှတ်တမ်းများအဖြစ် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တိုင်းရင်းသားရေးရာကိစ္စရပ်များကို နည်းဥပဒေဖြင့် ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးမှူးများနှင့် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ဖွံ့ဖြိုးရေးအတွက် National Ethnic ကို အခြေခံသော လမ်းကြောင်းအတိုင်း စနစ်တကျ စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပွဲတော်များကို ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာတွင် နိုင်ငံတော်အဆင့် ကျင်းပနိုင်ရေး နိုင်ငံတော်၏ လိုအပ်ချက်အတိုင်း ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှုတ်ခွန်းဆက် ပြောကြားပါသည်။

          ဖွင့်ပွဲအခမ်းအနားအပြီး ညှိနှိုင်းဆွေးနွေးပွဲ ဆက်လက်ကျင်းပရာ တိုင်းရင်းသားရေးရာ အခြေခံအချက်များ စစ်တမ်းကောက်ယူခြင်းဆိုင်ရာ စီမံချက်စစ်တမ်းရလဒ် အစီရင်ခံစာအား ရှင်းလင်းတင်ပြခြင်း အစီအစဉ်၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးဆိုင်ရာ မဟာဗျူဟာ (ကနဦးမူကြမ်း) ရှင်းလင်းတင်ပြခြင်းနှင့် ဉီးစားပေးလုပ်ငန်း နယ်ပယ်များအလိုက် ဆွေးနွေးညှိနှိုင်းခြင်း အစီအစဉ်များကို ဆွေးနွေးပွဲတက်ရောက်လာသူများက အဖွဲ့လိုက် ပါဝင်ဆွေးနွေးခဲ့ကြသည်။

          မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးဆိုင်ရာ မဟာဗျူဟာနှင့် ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ မဏ္ဍိုင်ကြီးတစ်ခုဖြစ်သည့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးနှင့် လူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးတို့ကို နည်းဥပဒေများနှင့်အညီ ဆောင်ရွက်သွားနိုင်မည် ဖြစ်ပြီး မြန်မာနိုင်ငံ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ဆိုင်ရာမဟာဗျူဟာ ကနဦး ရေးဆွဲ အတည်ပြုနိုင်ခြင်းဖြင့် အနာဂတ်ကာလတွင် ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ များစွာ အထောက်အကူပြုမည်ဖြစ်ပါသည်။

          ညှိနှိုင်းဆွေးနွေးပွဲကို ၁၉-၉-၂၀၁၉ ရက်နေ့မှ ၂၀-၉-၂၀၁၉ ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ပြီး ၂၀-၉-၂၀၁၉ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့်နည်းဥပဒေများ ရှင်းလင်း တင်ပြခြင်းအစီအစဉ်နှင့် ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) ၏ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲ)

Share: