October 29, 2019 News 0 Comments

ထနော့လူမျိုးနှင့် ယင်းတလဲလူမျိုးတို့၏ လူနေမှုဘဝမှတ်တမ်း Documentary ပြသခြင်းနှင့် ဒိုင်ချင်းတိုင်းရင်းသူ၏ နှာခေါင်းဖြင့် ရိုးရာပလွေမှုတ်သရုပ်ပြခြင်း အခမ်းအနား ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၅

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားမျိုးနွယ်စုများ၏ စကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ထုံးတမ်းများ ဖော်ထုတ်ရေး၊ ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ဆောင်ရွက်လျက်ရှိရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနက ရိုက်ကူး မှတ်တမ်းတင်ခဲ့သည့် ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ တောင်ပို့လှကျေးရွာရှိ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ထနော့လူမျိုးများ၏ လူနေမှုဘဝနှင့်  ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်းကျေးရွာရှိ ယင်းတလဲ လူမျိုးတို့၏ လူနေမှုဘဝ ရုပ်သံမှတ်တမ်း (Documentary) များ ပြသခြင်းနှင့် ဒိုင်ချင်းတိုင်းရင်းသူ၏ နှာခေါင်းဖြင့် ရိုးရာပလွေမှုတ်သရုပ်ပြခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပခဲ့ပါသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး ရှေးဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရုပ်သံမှတ်တမ်း သွားရောက် ရိုက်ကူးစဉ် ကြုံတွေ့ရသည့် အတွေ့အကြုံများကို ရှင်းလင်းတင်ပြခဲ့ပြီး ထနော့လူမျိုးနှင့် ယင်းတလဲလူမျိုးတို့၏ သမိုင်းကြောင်းများ၊ ကိုးကွယ်ယုံကြည်မှု၊ ဓလေ့ထုံးစံ၊ လူပျိုလှည့်သည့် အလေ့အထ၊ ရိုးရာပွဲတော်များ၊ တိုင်းရင်းဆေးပညာရပ်များ စသည်ဖြင့် မှတ်တမ်းတင်ရိုက်ကူးထားသည့် Documentary များကို ပြသခဲ့ပါသည်။

          ပျောက်ကွယ်လုနီးပါးဖြစ်နေသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများကို ရိုက်ကူး မှတ်တမ်းတင်ခြင်း၊ တင်ပြခြင်းတို့ဖြင့် တိုင်းရင်းသားလူမျိုးတို့၏ စာပေ၊ ဘာသာစကား၊ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးစံများအပေါ်မြတ်နိုးတန်ဖိုးထား ထိန်းသိမ်းလိုစိတ်များ ပိုမို တိုးပွားလာစေမည် ဖြစ်ပါသည်။

ထို့နောက် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ ဒိုင်ချင်း တိုင်းရင်းသူ ဒေါ်ရွှေမနားက ပျောက်ကွယ်လုနီးပါး ရိုးရာဓလေ့တစ်ခု ဖြစ်သည့် နှာခေါင်းဖြင့် ရိုးရာပလွေမှုတ်ခြင်းကို သရုပ်ပြ တီးမှုတ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဂုဏ်ပြုငွေ ချီးမြှင့်ခဲ့ပါသည်။

          အဆိုပါ နှာခေါင်းဖြင့် ပလွေမှုတ်သည့် ရိုးရာဓလေ့ ပညာရပ်ကို ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအား သင်တန်း ပို့ချပေးသွားမည်ဖြစ်ပြီး ရိုးရာဓလေ့များကို ပြည်သူများ ပိုမို သိရှိလေ့လာနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ဖော်ထုတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: