
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း
နေပြည်တော် အောက်တိုဘာ ၃၁
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများ၏ တတိယအကြိမ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ တပင်ရွှေထီးရပ်ကွက်ရှိ လမိုင်းအောင်မင်္ဂလာမွန် ပရိယတ္တိစာသင်တိုက်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဇနီး မိကျင်သန်းနှင့် ဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အလှူတော်မင်္ဂလာ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဝန်ထမ်းများနှင့် ပရိသတ်အပေါင်းတို့က ပုဗ္ဗသီရိမြို့နယ်၊ လမိုင်းအောင်မင်္ဂလာမွန် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဝဲကြီးဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအာဒိစ္စဝံသထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော်မူကြသည့် မေတ္တာသုတ် ပရိတ်တရားတော်များကို နာယူကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဇနီး မိကျင်သန်းနှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ အလှူရှင်များနှင့် ပရိသတ်အပေါင်းတို့က လမိုင်းအောင်မင်္ဂလာမွန် ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အရန်သင်္ကန်းများ၊ လှူဖွယ် ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ လမိုင်းအောင်မင်္ဂလာမွန် ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တသောဘဏ က ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် စပ်လျဉ်း၍ အနုမောဒနာတရားနှင့် ရေစက်ချတရား မြွက်ကြားခြင်းကို အလှူရှင်များနှင့် ဧည့်ပရိသတ်များက နာယူကြပြီးနောက် လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေပါသည်။
ထို့နောက် အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို၍ ရုပ်သိမ်းခဲ့ပြီး ရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်များက သံဃာတော်အရှင်သူမြတ်တို့အား နေဆွမ်း ဆက်ကပ်ခဲ့ကြောင်းသိရသည်။
ယနေ့ကျင်းပပြုလုပ်သော တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိသားစုများ၏ တတိယအကြိမ် မိသားစုမဟာဘုံကထိန် အလှူတော်မင်္ဂလာတွင် ပဒေသာပင် ၂ ပင် အပါအဝင် လှူဖွယ်ပစ္စည်းတန်ဘိုးငွေကျပ် စုစုပေါင်း ၁၅ သိန်းကျော်ကို လှူဒါန်းခဲ့ကြပါသည်။
(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)
0 Comments on "တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တတိယအကြိမ် ကထိန်သင်္ကန်း ဆပ်ကပ်လှူဒါန်း"