
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း Teaching Assistant နှင့် Languge Teacher များ ခန့်ထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
နေပြည်တော် နိုဝင်ဘာ ၄
၂၀၁၉-၂၀၂၀ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် နေ့စားလပေး ဆရာဆရာမ Teaching Assistantနှင့် Languge Teacher ခန့်ထားမှုများနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်း ဆောင်ရွက်နိုင်ရေးညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နေ့လယ် ၁၂:၀၀ နာရီတွင် ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၁၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း နှင့် ဒေသဦးစီးအဖွဲ့များမှ ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် က အမှာစကားပြောကြားရာတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၌ တိုင်းရင်းသားဘာသာ စာပေကိုသာမက ကျောင်းသင်ဘာသာရပ်များ သင်ကြားရာတွင် အထောက် အကူပြု ဆရာဆရာမများဖြစ်ကြသည့် Teaching Assistant နှင့် တိုင်းရင်းသားဘာသာသင် Language Teacher များခန့်ထားမှုများနှင့် စပ်လျဉ်း၍ အားနည်းချက် အားသာချက်များကို ပြန်လည် သုံးသပ်နိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များကို စနစ်တကျ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၁၊ ပုဒ်မ ၂၂ ပုဒ်မခွဲ (က) တွင် နိုင်ငံတော်သည် တိုင်းရင်းသားများ၏ စကား စာပေ အနုပညာ ယဉ်ကျေးမှုတို့ကို တိုးတက်ဖွံ့ဖြိုးအောင် ကူညီရမည်ဟု ပြဋ္ဌာန်းပါရှိပါကြောင်း၊ အမျိုးသားပညာရေး ဥပဒေပုဒ်မ ၄၃ ပုဒ်မခွဲ (ခ)အရ အခြေခံပညာအဆင့်တွင် လိုအပ်ပါက တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာ စကားနှင့်အတူ သင်ကြားမှု ဘာသာစကားအဖြစ် တွဲဖက် အသုံးပြုနိုင်သည်ဟု လည်းကောင်း၊၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် Teaching Assistantနှင့် Languge Teacher ဆရာဆရာမများ ခန့်အပ်နိုင်ရန် မူဝါဒများ ချမှတ်နိုင်ရေးကို တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ တိုင်းရင်းသားစာပေ သင်ကြားရေးနှင့် Teaching Assistant များ ရွေးချယ်ခန့်ထားခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် အကြောင်းအရာများ တွေ့ဆုံဆွေးနွေးပွဲကိုလည်း တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးများနှင့်အတူ ၁၉-၁၀-၂၀၁၈ ရက်နေ့၌ မူဝါဒများကို အတည်ပြုနိုင်ခဲ့ပြီး တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနမှ လျှောက်လွှာများ စိစစ်ခဲ့ပြီး အခြေခံပညာကျောင်းများတွင် ခန့်ထား နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပေးပို့ခဲ့ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနက ရရှိသော ဘဏ္ဍာရန်ပုံငွေအရ Teaching Assistant (TA) ၆၉၃၅ ဦးနှင့် Languge Teacher (LT) ၁၇၅ ဦး စုစုပေါင်း ၇၁၁၀ ဦး ခန့်ထားနိုင်ခဲ့ပါကြောင်း၊ ထပ်မံခန့်ထားရန် လိုအပ်လျက်ရှိသည့် အခြေခံပညာ ကျောင်းများအတွက် မည်သို့ဆောင်ရွက်သွားမည်ကို ကောင်းမွန်သော နည်းလမ်းများ ဖော်ထုတ်ပြီး အားနည်းချက် အားသာချက်များကို သင်ခန်းစာယူ၍ အဖြေရှာပါက တိုင်းရင်းသားများ၏ အခွင့်အရေးကို ဖော်ဆောင်နိုင်သည့်အပြင် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ကာ လူမှုစီးပွားဘဝ မြှင့်တင်ရာရောက်မည် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုး တိုးတက်လာခြင်းဖြင့် သံသယနှင့်ပဋိပက္ခများကင်းစင်ပြီး စစ်မှန်သည့် ထာဝရငြိမ်းချမ်းရေး ရရှိကာ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ရန်အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ပြောကြားပါသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပညာရေး ဝန်ကြီးဌာနအနေဖြင့် မည်သူ့ကိုမျှ ခွဲခြားမှုမှမရှိရေး ကျောင်းထွက်နှုန်းလျော့နည်းရေး စသည့် အခြေခံ မူဝါဒများနှင့်အညီ သင်ယူမှုအခွင့်အလမ်းရရှိရေးကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းရင်းသား လူမျိုးများအနေဖြင့် ကိုယ်ပိုင်စာပေ၊ ကိုယ်ပိုင်ယဉ်ကျေးမှုရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် Teaching Assistant နှင့် Language Teacher ခန့်ထားပေးလျက်ရှိပါကြောင်း၊ ပညာရေးမြှင့်တင် နိုင်မှုတွင် သင်မည့်ဆရာများကို အရည်အချင်းနှင့် အရည်အသွေး မြင့်မားရန်လိုပါကြောင်း၊ သို့မှသာ ပညာရေး တိုင်းရင်းသားစာပေရေးနှင့် ဒေသဖွံ့ဖြိုးရေးတို့ပါ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဒေသတစ်ခုနှင့်တစ်ခု အတွေ့အကြုံများဖလှယ်၍ အားနည်းချက်များ၊ အားသာချက်များကို စုပေါင်းအဖြေရှာပြီး ညှိနှိုင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထိုနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်နှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲလင်းမြင့်တို့က Teaching Assistant နှင့် Language Teacher များ ခန့်ထားမှုနှင့် စပ်လျည်း၍ ရှင်းလင်းပြောကြားကြပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက Teaching Assistant နှင့် Language Teacher များခန့်ထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကိစ္စရပ် များကို အကြံပြု ဆွေးနွေးတင်ပြကြရာ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ပြန်လည်ရှင်းလင်းတင်ပြကြပါသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်ရေးအတွက် တိုင်းရင်းသားများ စည်းလုံးညီညွှတ်မှုရှိပြီး ပညာတတ်ရန် အရေးကြီးသဖြင့် တိုင်းရင်းသားများအနေ ဖြင့် တိုင်းရင်းသားစာပေ သင်ကြားသင်ယူမှုရရှိပြီး အသိပညာဗဟုသုတများ လေ့လာနိုင်ခြင်းဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင် ပညာရေးဝန်ကြီးဌာန အပါအဝင် တိုင်းရင်းသားလူမျိုးများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့ပါသည်။
0 Comments on "၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း Teaching Assistant နှင့် Languge Teacher များ ခန့်ထားမှုနှင့် ရှေ့လုပ်ငန်းစဉ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ"