November 6, 2019 News 0 Comments

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ ကြိုတင်ညှိနှိုင်း

နေပြည်တော် နိုဝင်ဘာ ၅

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် မည့် စီမံကိန်းလုပ်ငန်းများ၏ လုပ်ငန်းကြိုတင်ညှိနှိုင်းပွဲအစည်းအ

ဝေးကို ယနေ့ နံနက် ၁၀:၀၀ နာရီ၌ နေပြည်တော် ရုံးအမှတ် ၁၄ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ ဒုတိယ ဝန်ကြီး ဦးလှမော်ဦး၊ ကချင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး ရန်ကုန်တိုင်း ဒေသကြီးတို့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့ရှိ တိုင်းဒေသကြီး ပြည်နယ် အဆင့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးရုံးများ တည်ဆောက်ရေးလုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့ပြီး တနင်္သာရီတိုင်းဒေသကြီး တွင် မြေဖို့ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များက ရုံးများတည်ဆောက်ရေးကို ကြီးကြပ်ဦးဆောင်၍ တင်ဒါခေါ်ယူ ရွေးချယ်ခဲ့ကာ ဆောင်ရွက်ခဲ့ပြီး ရုံးအဆောက်အဉီတည်ဆောက်ရေးနှင့် မြေပြုပြင်မှုလုပ်ငန်းများတွင်  ဆောင်ရွက် ပြီးစီးခဲ့ပါကြောင်း၊ ယခု ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌လည်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် ကချင်ပြည်နယ်၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် တိုင်းဒေသကြီး ပြည်နယ်အဆင့် ဦးစီးဌာနများ၏ ညွှန်ကြားရေးမှူးရုံးများ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြေပြုပြင်ခြင်းလုပ်ငန်းများ၊ ခြံစည်းရိုးကာရံခြင်း၊ ပြင်ပရေသွယ်တန်းခြင်း၊ ပြင်ပ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ကားပါကင်နှင့် ချဉ်းကပ်လမ်းခင်းခြင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဝင်းအတွင်း ၆ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ တည်ဆောက်ရန်ရှိပါကြောင်း၊ ဆောင်ရွက်မည့်အချက်များကို ဘဏ္ဍာရန်ပုံငွေရရှိမှု အခြေအနေများနှင့် ချိန်ဆဆောင်ရွက်ရေး တင်ပြဆွေးနွေးကြရန်ဖြစ်ပါကြောင်း၊ အဆောက်အအုံတည်ဆောက်ရေးနှင့် ဆက်စပ်လုပ်ငန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့ရုံးများကို လုပ်ငန်းများ အပ်နှံဆောင်ရွက်သွားမည်ဖြစ်ရာ သက်ဆိုင်ရာ အစိုးရအဖွဲ့ရုံးမှ တာဝန်ပေးအပ်သော တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများက ဦးဆောင်၍ တည်ဆောက်ရေးလုပ်ငန်းများကို စံချိန်စံနှုန်းနှင့် အရည် အသွေး ထိန်းသိမ်းပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေး တင်ဒါခေါ်ယူ ဆောင်ရွက်သွား ကြရန် လမ်းညွှန်မှာကြားပါသည်။

          ထို့နောက် ဒုတိယဝန်ကြီး ဦးလှမော်ဦး က တည်ဆောက်ရေးလုပ်ငန်းများကို ဒေသနှင့်ကိုက်ညီ သော အခင်းအကျင်းများ၊ ပတ်ဝန်းကျင်မြေပြင်အခြေအနေနှင့် ဆက်စပ်သောစီမံမှု ပူးပေါင်း ဆောင်ရွက်မှုများ၊ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ရန်ပုံငွေအတိုင်း အချိန်မီပြီးစီးရေးကိစ္စရပ်များကို ပြောကြားပါသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးမင်းအေးကို က တည်ဆောက် မည့် အဆောက်အဦများနှင့် စပ်လျဉ်း၍ ပြည့်စုံစွာ ထည့်သွင်းတည်ဆောက်နိုင်ရေး တင်ဒါခေါ်ယူရေး ဘဏ္ဍာရန်ပုံငွေ ပေးအပ်ခြင်းအစီအစဉ် တို့ကို အသေးစိတ် ပုံစံများဖြင့် ရှင်းလင်းတင်ပြပါသည်။   

ဆက်လက်၍ ကချင်ပြည်နယ် တနင်္သာရီတိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး ရန်ကုန်တိုင်း ဒေသကြီး တို့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများက သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် ညွှန်ကြားရေးမှူးရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်လုပ်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြပါသည်။

ယင်းနောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်) တာဝန်ခံအရာရှိ ဦးပြေဟိန်းနိုင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ဝင်းအတွင်း ၆ ခန်းတွဲ ၁ ထပ် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တည်ဆောက်ရေးလုပ်ငန်းများကို စံချိန် စံညွှန်းနှင့် ကိုက်ညီပြီး ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးအတွက် လိုအပ်ချက်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်သွားကြရန် ပြောကြားပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: