November 24, 2019 News 0 Comments

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ရောက်ရှိ လှည့်လည် စစ်ဆေး

နေပြည်တော်  နိုဝင်ဘာ ၁၈

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာသို့ ရောက်ရှိ လှည့်လည် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တာဝန်ခံ ဦးပြေဟိန်းနိုင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအတွင်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က ဖြည့်စွက်တင်ပြကာ ပဲခူးတိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဦးဇော်ထွန်းက အပတ်စဉ် ရုံးပိတ်ရက်များတွင် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) သို့ ပဲခူးတိုင်းဒေသကြီးမှ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များလာရောက် ဖျော်ဖြေတင်ဆက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပါသည်။

          ဆက်လက်၍ တက်ရောက်လာကြသူများက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။

          ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ကို ယဉ်ကျေးမှု ထိန်းသိမ်းရာနေရာအဖြစ် အဆင့်မြှင့်တင်သွားနိုင်ရေး၊ ပြည်ထောင်စုတိုင်းရင်းသား ကျေးရွာ (ရန်ကုန်) တွင် ဆက်လက်ဆောင်ရွက်သွားမည့် ဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် ဖျော်ဖြေရေး အစီအစဉ်များကို ပြည်သူလူထုသို့ အသိပေးဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ အတွင်းရှိ ပြုပြင်မွမ်းမံနေသည့် ပြည်ထောင်စုခန်းမကိုလည်းကောင်း၊ နန်းမြင့်မျှော်စင်ရှိ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းကိုလည်းကောင်း၊ လူပျိုဆောင်နှင့် အပျိုဆောင်များကို လည်းကောင်း ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ဝန်ထမ်းအိမ်ရာ တည်ဆောက်မည့် မြေနေရာ တို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြ ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက ပြည်သူများ လေ့လာနိုင်ရန် နန်းမြင့်မျှော်စင်အတွင်း တိုင်းရင်းသားရိုးရာ ဝတ်စားဆင်ယင်မှုနှင့် အသုံးအဆောင်ပစ္စည်းများ စုံလင်စွာ ထားရှိရေး၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ တည်းခိုနိုင်ရေးအတွက် လူပျိုဆောင်နှင့် အပျိုဆောင် များရှိ အိပ်ဆောင်၊ စားရိပ်သာ၊ ရေချိုးခန်း အိမ်သာများ သန့်ရှင်းစွာ ပြင်ဆင်ထားရှိရေးတို့ကို လမ်းညွှန် မှာကြားပါသည်။

တိုင်းရင်းသားတို့၏ ရိုးရာ အဆို၊ အကအလှများနှင့် ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာများကို လေ့လာရင်း မိဘပြည်သူများ အပန်းဖြေနိုင်စေရေးအတွက် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ဝန်ဆောင်မှုကို အဆင့်မြှင့်တင်လျက်ရှိရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှစ၍ အပတ်စဉ် စနေ တနင်္ဂနွေ ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက် ဖျော်ဖြေပေးလျှက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများ၊ တိုင်းရင်းသား အဆိုပညာရှင်များ၊ မျက်လှည့်ပညာရှင်များကို ဖိတ်ခေါ်ကာ သရုပ်ပြ ဝန်ထမ်းများက ပူးပေါင်း ပါဝင်ဆောင်ရွက်နေကြောင်း သတင်းရရှိပါသည်။

ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ

Share: