December 3, 2019 News 0 Comments

သွေးချင်းတို့ရဲ့ပွဲတော်ဆီ (Myanmar Ethnics Culture Festival) မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်

နေပြည်တော်၊ နိုဝင်ဘာ ၁၉

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက်  ၉:၀၀ နာရီ၌ ရန်ကုန်တိုင်းဒေသကြီးရှိ UMFCCI ခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နှင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များ အသင်းနှင့် ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ ဦးဆောင်ကျင်းပသော သွေးချင်းတို့ရဲ့ပွဲတော်ဆီ Myanmar Ethnics Culture Festival မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနား သို့ တက်ရောက်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌ၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်တို့မှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင် အသင်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ပြည်နယ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဝန်ကြီးချုပ်များဖြစ်ကြသည့် ဦးဖြိုးမင်းသိန်း နှင့် ဦးအယ်လ်ဖောင်းရှို၊ ကယားပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးလှထွေး၊ မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးယောဆက်နှင့် ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်တို့က အခမ်းအနားကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။

              အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် မတူညီသော ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာ ကွဲပြားခြားနားသော ကိုးကွယ်ယုံကြည်မှု ဘာသာစကား စကားပြောဆိုသုံးနှုန်းမှုများရှိကြသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံစုစည်းနေထိုင်ကြသော နိုင်ငံတော်ကြီးဖြစ်ပါ၍ အရောင်အသွေးစုံ ပန်းပေါင်းစုံ ဖူးပွင့်နေကြသည့် ပန်းဉယျာဉ်ကြီးနှင့် တူပါကြောင်း၊ မည်သို့ပင် မတူကွဲပြားခြားနား ကြပါစေ တိုင်းရင်းသားများသည် နိုင်ငံတော်အတွင်း အေးအတူပူအမျှ တစ်စိတ်တစ်ဝမ်းတည်း   စည်းလုံးညီညွှတ်စွာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြပါကြောင်း၊ တိုင်းရင်းသားများ စည်းလုံး ညီညွှတ်မှုဖြင့် လက်တွဲမဖြုတ်စတမ်း နေထိုင်သမျှတစ်လျှောက်လုံး ဘယ်တော့မှ ပြိုကွဲသွားခြင်း မရှိနိုင်ပါကြောင်း၊ တိုင်းရင်းသာဒေသများ၌ မြန်မာနှင့် ကမ္ဘာက မသိရှိဘဲ ပြန်လည်ဖော်ထုတ်ရန် ကျန်ရှိနေသေးသည့် ရိုးရာဓလေ့ ယဉ်ကျေးမှုအမွေအနှစ်များ အများအပြား ကျန်ရှိနေသဖြင့် ထိန်းသိမ်းစောင့်ရှောက်ပြီး တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပတ်ဝန်းကျင် ကောင်းတစ်ခု ကျွဲကူးရေပါ ဆောင်ရွက်ပေးရန်လိုပါ၍ မြန်မာကရော ကမ္ဘာကပါ သိရှိနိုင်ရန် ဖော်ထုတ်ပေးမည့် စင်မြင့်တစ်ခုလိုပါကြောင်း၊ တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အကအလှ၊ အသုံးအဆောင်ပစ္စည်းများကို  တစ်နေရာတည်း ကြည့်ရှုလေ့လာခွင့်ရသည့် သွေးချင်းတို့ရဲ့ ပွဲတော် အခမ်းအနားကြီးကို တွေ့မြင်နေရမှာဖြစ်ပါကြောင်း၊          ပွဲတော်ကြီးဖြစ်မြောက်ရန်နှင့် ပြည်ထောင်စု၏ ထာဝရငြိမ်းချမ်းရေးအတွက် မျှော်ကိုး၍ ပါဝင်ပတ်သက်သူများအားလုံး စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့  ပူးပေါင်းဆောင်ရွက်ကြပါရန် ပြောကြားပါသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာ တွင် သွေးချင်းတို့ရဲ့ပွဲတော်သို့ လည်ပတ်သူများ ယခင်နှစ်ထက် ပိုမိုလာရောက်နိုင်မည်ဖြစ်ပါ ကြောင်း၊ ပွဲတော်ပြီးသည့်အခါ တိုင်းရင်းသားအစားအသောက်၊ ဝတ်စားဆင်ယဉ်မှု ရိုးရာ အမှတ်တရ တစ်ခုကျန်ရှိအောင် ဆောင်ရွက်သင့်ပါကြောင်းနှင့် လိုအပ်သည်များကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ အပြည့်အဝ ကူညီပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယင်းနောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေးတို့ကလည်း ဂုဏ်ပြုအမှာစကားပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးယောဆက်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ကျင်းပရခြင်းနှင့်ပတ်သက်၍ ယခင်နှစ်ပွဲတော်မှ ကြုံတွေ့ရသည့် အခက်အခဲများနှင့် ယခုနှစ်၌ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်လိုအပ်ချက်များနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပံ့ပိုးကူညီပေးစေလိုသည့်အချက်များကို ရှင်းလင်းတင်ပြ ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ ထောက်ပံ့ငွေ ကျပ်သိန်း (၅၀၀) ကိုလည်းကောင်း၊ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ကယားပြည်နယ် အစိုးရအဖွဲ့၏ ထောက်ပံငွေကျပ်သိန်း ၁၀၀၀ ကိုလည်းကောင်း ပေးအပ်ကြရာ မြန်မာနိုင်ငံ တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးယောဆက်က လက်ခံရယူပါသည်။

ဆက်လက်၍ ကချင်ပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းက ထောက်ပံ့ငွေကျပ် သိန်း ၂၀၀ ကို ပေးအပ်ရာ ကယားပြည်နယ်တိုင်းရင်းသားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ဦးထွန်းကျော်က လက်ခံရယူခဲ့ပါသည်။

ထို့နောက် အခမ်းအနား တက်ရောက်လာကြသူများက ပြည်ထောင်စုဝန်ကြီးနှင့်အတူ စုပေါင်း မှတ်တမ်းတင် ဓါတ်ပုံများရိုက်ကြပါသည်။

သွေးချင်းတို့ရဲ့ပွဲတော်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ ရန်ကုန်မြို့ ကျိုက္ကဆံကွင်း၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပွဲတော်၌ တိုင်းရင်းသားအလှမယ်ရွေးပွဲ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် အဝတ်အထည်များရောင်းချပွဲ၊ တိုင်းရင်းသားလူမျိုးအလိုက် အသုံးအဆောင်ပစ္စည်းများ ခင်းကျင်းပြသမည့်ပြခန်းများ၊ တိုင်းဒေသကြီးပြည်နယ်များရှိ တိုင်းရင်းသားလုပ်ငန်းရှင် များအသင်းများမှ စျေးရောင်းပွဲတော်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဆိုအကများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: