December 3, 2019 News 0 Comments

တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်မည့်မြေနေရာ ပြည်ထောင်စုဝန်ကြီး ကြည့်ရှုစစ်ဆေး၊ ထားဝယ်မြို့ရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များအား လက်ခံတွေ့ဆုံ

နေပြည်တော်၊ နိုဝင်ဘာလ ၂၆

           တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ ၁၅:၃၀ နာရီ၌ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် ထားဝယ်မြို့၊ ဆန်းချီတိုးချဲ့ရပ်ကွက် ဇလပ်ဖြူလမ်းနှင့် ယင်းမာလမ်းကြားရှိ အကွက်အမှတ် ၂၄ မြေနေရာသို့ ရောက်ရှိခဲ့ပြီး ရုံးအဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်း ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ရုံးအဆောက်အအုံကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ရန်  ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ဆောက်လုပ်ရေးနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အပ်နှံထားပြီး ဖြစ်ပါကြောင်း၊ တင်ဒါစည်းမျဉ်းစည်းကမ်းနှင့်အညီ တင်ဒါခေါ်ယူ ရွေးချယ်နိုင်ရေး၊ တည်ဆောက်ရေးလုပ်ငန်းများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ စံချိန်စံနှုန်းနှင့် အရည်အသွေး ထိန်းသိမ်းပြီး ဘဏ္ဍာနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစိုးရ အဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင် မြေပြင်အခြေအနေနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားပါသည်။

တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး တည်ဆောက်မှုတွင် ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၌ မြေပြုပြင်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးခဲ့ရာ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်၌ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အဆောက်အအုံ၊ ပေ ၆၀ x ပေ ၈၀ သံကူကွန်ကရစ်    ၂ ထပ် တည်ဆောက်ခြင်း အပါအဝင် ခြံစည်းရိုးကာရံခြင်း၊ ဂိတ်တံခါး၊ အဝင်လမ်းခင်းခြင်း၊ ရေသွယ်တန်းခြင်း၊ လျှပ်စစ်မီးသွယ်တန်းခြင်း၊ ကားပါကင်နှင့် ချဉ်းကပ်လမ်းခင်းခြင်းလုပ်ငန်းများ ကို ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဧည့်ရိပ်သာ ခန်းမ၌ ထားဝယ်မြို့ရှိ ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များအား တွေ့ဆုံခဲ့ရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာ၌ တိုင်းရင်းသားများက တိုင်းရင်းသားအခွင့်အရေးကိစ္စရပ်များ၊ စာပေယဉ်ကျေးမှုကိစ္စရပ်များတွင် နစ်နာဆုံးရှုံးမှုများ ရှိပါက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ညွှန်ကြားရေးမှူးရုံးများတွင် သွားရောက် တင်ပြနိုင်ပါကြောင်း၊ ရှေးယခင်က ကမ္ဘာပေါ်တွင် လူမျိုးပေါင်း ၇၀၀၀ ကျော်ရှိပြီး ယနေ့စစ်တမ်းအရ လူမျိုးပေါင်း ၃၀၀၀ ကျော်သာ ကျန်ရှိသည်ဟု သိရပါကြောင်း၊ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအနေဖြင့် တိုင်းရင်းသားတို့၏ လူမျိုး စကား စာပေ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကို ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး အဓိက ထိန်းသိမ်းစောင့်ရှောက်သွားရန် လိုပါကြောင်း၊ တိုးတက်ဖွံ့ဖြိုးနေသည့် ကမ္ဘာ့ရေစီးကြောင်း၌ တိုင်းရင်းသားများက ရင်ဘောင်တန်း နိုင်ရေးအတွက် စာပေ ဗဟုသုတနှင့် ဉာဏ်ပညာ ထက်မြတ်ရန် ကြိုးစားကြရမည်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများကို ဦးဆောင်သည့် ခေါင်းဆောင်များက စည်းလုံးညီညွတ်ကြရန် လိုပါ ကြောင်း၊ ထာဝရငြိမ်းချမ်းသည့် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေး တိုင်းရင်းသားများ အားလုံး ပူးပေါင်းကြရန် ပြောကြားခဲ့ပါသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ဆက်လက်၍ ထားဝယ်၊ ကရင်နှင့် မွန်တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များက စာပေယဉ်ကျေးမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးနှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာတို့က ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: