December 3, 2019 News 0 Comments

ဒုတိယအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်၍ ထောက်ပံ့ငွေ ပေးအပ်

နေပြည်တော် နိုဝင်ဘာ ၂၇

           ဒုတိယအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ၂၇-၁၁-၂၀၁၉ ရက်နေ့ ၀၇:၀၀ နာရီ၌ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း ယဉ်ကျေးမှုပြတိုက်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် တက်ရောက်ခဲ့ပါသည်။

          ဒုတိယအကြိမ်မြောက် ထားဝယ်အမျိုးသားနေ့အခမ်းအနား ဖွင့်ပွဲကို ယဉ်ကျေးမှုပြတိုက် ရှေ့၌ ကျင်းပရာ သံဃာတော်များ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ဇနီး၊ တနင်္သာရီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာ၊ ထားဝယ်အမျိုးသားနေ့ ကျင်းပရေး ကော်မတီဝင်များ၊ ထားဝယ်တိုင်းရင်းသား တိုင်းရင်းသူများ၊ ဒေသခံတိုင်းရင်းသားများ တက်ရောက်ကြပြီး ရှေးဦးစွာ မေဃဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ထားဝယ် အမျိုးသားနေ့ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြနှင့် ဦးစိုးနွယ်တို့က ထားဝယ်အမျိုးသားနေ့ မုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ပါသည်။

အခမ်းအနားကို ဆက်လက်ကျင်းပရာ နိုင်ငံတော်ဩဝါဒစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ က ဩဝါဒကထာ မြွက်ကြားပြီးနောက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာတွင် ထားဝယ်ဒေသ ဖွံ့ဖြိုးမှု အားနည်းစဉ်အတွင်း ထားဝယ်လူမျိုးစု ပျောက်ပျက်မသွားဘဲ ရာစုနှစ်ပေါင်းများစွာ ရေရှည် တည်တံ့စေရန် စောင့်ရှောက်ထိမ်းသိမ်းနိုင်သည်ကို တွေ့မြင်ရပါကြောင်း၊ ယခုလို ဖွံ့ဖြိုးတိုးတက်မှု မြင့်မားလာချိန်၌ မူးယစ်ဆေးဝါး သုံးစွဲမှု၊ ပြည်ပမှ အခြားသော ယဉ်ကျေးမှုဓလေ့ထုံးတမ်းများ ကူးစက်ရောနှောခံရ၍ လူမျိုးစုများ တစ်ဖြည်းဖြည်း ပျောက်ကွယ်မသွားရန် သတိပြုကြရန် လိုပါကြောင်း၊ အလားတူ မျိုးနွယ်စုများ လျော့ပါးပျောက်ကွယ်ရခြင်းသည် ဘာသာစကား စာပေ ပြောဆိုသုံးနှုန်းမှု အလေ့အထ လျော့နည်းလာခြင်းနှင့်အတူ သင်ကြားသင်ယူမှုကဏ္ဍ၌ အားနည်း လာခြင်းတို့ကြောင့်ဟု တွေ့မြင်ရကြောင်း၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန အပါအဝင် နိုင်ငံတော်က ပံ့ပိုးကူညီပေးနေသော တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေအရ ပြဋ္ဌာန်းချက်များနှင့်အညီ ရိုးရာပွဲတော်များ ကျင်းပနိုင်ရေး၊ တိုင်းရင်းသားများနှင့် စပ်လျဉ်းသည့် အသင်းအဖွဲ့များ မှတ်ပုံတင်ခွင့်ရရှိရေး စသည့်ကိစ္စရပ်များ၌ တိုင်းရင်းသားများအားလုံး စည်းလုံးညီညွှတ်မှုရှိမှသာ ပိုမိုထိရောက်နိုင်ပါကြောင်း၊ ထားဝယ် တိုင်းရင်းသားတို့က တိုင်းရင်းသားအခွင့်အရေးများ နစ်နာဆုံးရှုံးမှု မရှိရေး၊ လူမျိုးစုများ ရေရှည် တည်တံ့ရေး၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်၏ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့တိုးဆောင်ရွက်နိုင်ရေးကဏ္ဍတို့တွင် တိုင်းရင်းသားလူမျိုးအချင်းချင်း ပူးပေါင်း ပါဝင်ကြရန် ပြောကြားပါသည်။

          ဆက်လက်၍ ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်းကို ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြက ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံမှ ပေးပို့လာသော သဝဏ်လွှာကို လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင် ကလည်းကောင်း၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့လာသော သဝဏ်လွှာကို ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြကလည်းကောင်း ဖတ်ကြားပါသည်။

          ယင်းနောက် ထားဝယ်အမျိုးသားနေ့အခမ်းအနား ကျင်းပရခြင်းနှင့် ထားဝယ်လူမျိုး ဖြစ်ပေါ်လာပုံအကြောင်းကို ရှင်းလင်းတင်ပြပြီး မေဃဝတီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသက ထားဝယ်အမျိုးသားနေ့အခမ်းအနား ကျင်းပနိုင်သည့်အတွက် ဝမ်းမြောက် ကျေးဇူးတင်ကြောင်း မိန့်ကြားပါသည်။

            ထို့နောက် ပွဲတော်ဖြစ်မြောက်ရေးအတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ထောက်ပံ့ငွေများကို သက်ဆိုင်ရာ တာဝန်ရှိသူများက ပေးအပ်ရာ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပါသည်။

          အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ တက်ရောက်လာကြ သူများက ခင်ကျင်းပြသထားသော ထားဝယ်လူမျိုးပြကွက်အား လှည့်လည်ကြည့်ရှုကြပါသည်။ အခမ်းအနား တက်ရောက်လာကြသူများအား ထားဝယ်ရိုးရာယဉ်ကျေးမှုအကဖြင့် ဧည့်ခံဖျော်ဖြေခဲ့ပါသည်။

          နေ့လယ်ပိုင်း၌ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ထားဝယ်မြို့ ကမ်းနားလမ်းရှိ ထားဝယ်မြစ်တွင် ကျင်းပပြုလုပ်သည့် ထားဝယ်ရိုးရာ လှေလှော်သရုပ်ပြပွဲနှင့် ပြိုင်ပွဲ၊ ထားဝယ် ရိုးရာအားကစားနည်း သရုပ်ပြပွဲနှင့်ပြိုင်ပွဲသို့ ရောက်ရှိခဲ့ရာ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြတို့က အားကစားပြိုင်ပွဲဆိုင်းဘုတ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တက်ရောက်လာကြသူများသည် ထားဝယ်ရိုးရာ လှေလှော်ပြိုင်ပွဲများကို ဒေသခံပြည်သူများနှင့်အတူ ကြည့်ရှု့အားပေးကြပါသည်။ ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ရိုးရာလှေလှော်ပြိုင်ပွဲ ပထမဆု ရရှိသည့် အောင်နန်းဆန်အသင်းအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဒိုင်းဆုနှင့်ဆုငွေများ ချီးမြှင့်ပေးခဲ့ပြီး ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစောလုကာနှင့် ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မြတို့က အထူးဆု ရရှိသည့် အသင်းများကို ဆုများပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: