December 3, 2019 News 0 Comments

မွန်အမျိုးသားပညာရေးကော်မတီ (Mon National Education Committee – MNEC) တာဝန်ရှိသူများအား ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၃

          တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ယမန်နေ့ ၁၅:၃၀ နာရီတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ အစည်းအဝေးခန်းမတွင် နေပြည်တော်သို့ ရောက်ရှိနေသော မွန်အမျိုးသားပညာရေးကော်မတီ Mon National Education Committee (MNEC) မှ တာဝန်ရှိသူများအား လက်ခံ တွေ့ဆုံခဲ့ပါသည်။

          တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်အတူ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ မွန်အမျိုးသားပညာရေးကော်မတီ Mon National Education Committee (MNEC) မှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။

          ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးအား တွေ့ဆုံရသည့်အကြောင်းအရာကို မွန်အမျိုးသား ပညာရေးကော်မတီ တာဝန်ရှိသူများက ရှင်းလင်းတင်ပြရာတွင် ဝေးလံခေါင်ဖျား၍ သွားလာရေး ခက်ခဲသောဒေသများရှိ တိုင်းရင်းသားများအား မွန်အမျိုးသားပညာရေးကော်မတီအနေဖြင့် တိုင်းရင်းသားဘာသာစကားအခြေပြု ပညာရေးမူဝါဒအား အကောင်အထည်ဖော်ဆောင်ရွက် နေမှု၊ အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့်များတွင် အစိုးရသင်ရိုးများကို ထည့်သွင်းသင်ကြားမှု၊ ပညာရေးဝန်ကြီးဌာနက စစ်ဆေးသည့် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းအဆင့် စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုအောင်မြင်မှု၊ ဘွဲ့ရကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးနိုင်မှုနှင့် ဘွဲ့ရသူများအား အစိုးရဌာနများ အစိုးရမဟုတ်သော အဖွဲ့ အစည်းများတွင် တာဝန်ထမ်းဆောင်နေမှု၊ မိခင်ဘာသာစကားအခြေပြု မူလတန်းပညာရေး စနစ်ကို ကောင်းမွန်စွာတည်ဆောက်ပေးနိုင်သည့်အခြေအနေ၊ လက်ရှိသင်ကြားပေးနေသော ဆရာ ဆရာမအရေအတွက်နှင့် ထောက်ပံ့ငွေပေးနေမှု၊ တိုင်းဒေသကြီး ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာ စကားသင်ကြားမှု၊ အစိုးရမှ တရားဝင် အသိအမှတ်ပြုရန်နှင့်  နည်းပညာ၊ ဘဏ္ဍာရေးအကူအညီများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးရန် လိုအပ်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ ပြဋ္ဌာန်းထားရှိသည့် ပညာသင်ကြားခွင့်၌ တိုင်းရင်းသားများ တန်းတူ ညီမျှသောအခွင့်အရေးများ ရပိုင်ခွင့်ရှိသည်နှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ပညာရေးကဏ္ဍ၌ တိုင်းရင်းသားများ ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရေး၊ တိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ဘာသာ စကား စာပေ ရှင်သန်ဖွံ့ဖြိုးရေးကို မိမိတို့ကိုယ်တိုင် အလေးထား ထိန်းသိမ်းဆောင်ရွက် သွားကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများက မွန်အမျိုးသားပညာရေးကော်မတီ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်သွားနိုင်ရန် ကိစ္စရပ်များ၊ သက်ဆိုင်ရာဌာနများသို့ ဆက်လက်ဆောင်ရွက်ပေးနိုင်မှုနှင့် မွန်အမျိုးသားပညာရေး ကော်မတီက ဆောင်ရွက်ရမည့်ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: