December 9, 2019 News 0 Comments

ဒုတိယအကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနားသို့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်နှင့်အတူပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်တက်ရောက်

နေပြည်တော်၊ ဒီဇင်ဘာ ၄

          ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန်နှင့် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ နံနက် ၉ နာရီ၌ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့၊ မြို့မအားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် ဒုတိယ အကြိမ်မြောက် ဓနုအမျိုးသားနေ့အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစဝ်အောင်မြတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ဓနုတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဧည့်သည်တော်များ၊ ဓနုတိုင်းရင်းသား တိုင်းရင်းသားသူများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြပါသည်။

အခမ်းအနားအစီအစဉ် ပထမပိုင်းအဖြစ် ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ဓနုအမျိုးသားအလံတော်ကို အလေးပြုကြပြီးနောက် ဓနုတိုင်းရင်းသား တိုင်းရင်းသူများက ကြိုဆိုပါတယ်ဓနုမြေ တေးသီချင်းဖြင့် အခမ်းအနားတက်ရောက်လာကြသူများအား ဂုဏ်ပြု ဖျော်ဖြေ တင်ဆက်ကြပါသည်။                  

          ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ထံမှ ပေးပို့လာသော သဝဏ်လွှာများကို ကျင်းပရေးကော်မတီမှ တာဝန်ရှိသူများက ဖတ်ကြားပါသည်။

          ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းအောင်(ခ)ဦးထွန်းထွန်းဟိန်က အမှာ စကားပြောကြားရာတွင် နတ်တော်လဆန်း ၈ ရက်နေ့ကို ဓနုအမျိုးသားနေ့ဟူ၍ ဓနုအမျိုးသား ညီလာခံကြီးက ဆုံးဖြတ်ခဲ့ခြင်းသည် အနှစ်သာရနှင့်ပြည့်ဝသော လက်တွေ့ကျသော မျှော်မှန်းချက် နှင့် ပြည့်စုံသော ဆုံးဖြတ်သတ်မှတ်ချက် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားနေ့ ဟူ၍ သတ်မှတ်ကြသည့် ရည်ရွယ်ချက်များမှာ မိမိတို့၏ ဇာတိပုည ဂုဏ် မာန တို့ကို သေချာစွာ သိရှိနားလည်သည်မှ အညီအညွတ်ရှိစေရန်၊ လူမျိုး ဘာသာစကား စာပေယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတို့ကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ချစ်ခင်ရင်းနှီး ဖွံ့ဖြိုးတိုးတက်လာစေရန်၊ တိုင်ပင် ဆွေးနွေး အကောင်အထည်ဖော်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားပါသည်။

          ဆက်လက်၍ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နှုတ်ခွန်းဆက်စကား ပြောကြားပြီးနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေ ပေးအပ်ရာ ကျင်းပရေးကော်မတီက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ပါသည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာတွင် တိုင်းရင်းသားများသည် မည်သည့်ဒေသ၌ နေထိုင် ကြသည်ဖြစ်စေ အပြန်အလှန်နားလည်မှု ချစ်ကြည်ရင်းနှီးမှု ယုံကြည်လေးစားမှု ရိုင်းပင်းကူညီမှု စသော ခိုင်မာသည့်ပြည်ထောင်စုစိတ်ဓာတ် ကိုယ်စီကိုယ်ငှ ထားကြမှသာ တိုင်းရင်းသားပေါင်းစုံ နေထိုင်ကြသော ပြည်ထောင်စုမြန်မာနိုင်ငံသည် ငြိမ်းချမ်းမှု ရရှိနိုင်မည်ကို သိမြင်၍ နေရာဒေသ အနှံ့အပြားနေထိုင်ကြသော ဓနုတိုင်းရင်းသားများသည် သွေးစည်းညီညွတ်စွာဖြင့် ဓနုတိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် ဓနုအမျိုးသားနေ့ အခမ်းအနားကို ကျင်းပနိုင်သည်ကို တွေ့မြင်ရပါ ကြောင်း၊ ဘာသာတရား ကိုင်းရှိုင်း၍ ရိုးရာအကတွင် ကျော်ကြားမှုရှိကာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ကြသော ဓနုတိုင်းရင်းသားတို့၏ ထူးခြားသည့် ဝိသေသလက္ခဏာများအပါအဝင် လူမျိုး ဘာသာစကား ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ ရှင်သန်ခိုင်မြဲစွာတည်ရှိစေရေး၊ မျိုးဆက်သစ် ဓနုလူငယ်များအား သမိုင်းအမွေခံကောင်းများ လက်ဆင့်ကမ်းရရှိစေရေး၊ နိုင်ငံတော် က ဖော်ဆောင်ပေးနေသည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကဏ္ဍတွင် ဓနု တိုင်းရင်းသားများအနေဖြင့် ပူးပေါင်းပါဝင်ကြရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသား အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြဋ္ဌန်းချက်များနှင့်အညီ တိုင်းရင်းသားများ၏ နေ့ထူးနေ့မြတ် အခမ်းအနားများကို လွတ်လပ်စွာ ကျင်းပခွင့်ရရှိရေး အပါအဝင် တိုင်းရင်းသားများ ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေဘဲ တန်းတူရရှိရေး၊ ဘာသာစကား စာပေ ရိုးရာဓလေ့ ထုံးတမ်းအစဉ်အလာများ ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ပေးရန်အတွက် ဓနု တိုင်းရင်းသားများက ဥပဒေလုပ်ထုံး လုပ်နည်းများနှင့်အညီ တင်ပြနိုင်ပါကြောင်း ပြောကြားပြီး ပွဲတော်ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ငွေပေးအပ်ရာ ကျင်းပရေးကော်မတီက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။

ထို့နောက် ရှမ်းပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် နာယက ဦးစဝ်အောင်မြတ်နှင့် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း တို့က ဂုဏ်ပြု အမှာစကားပြောကြားကြပြီးနောက် ပွဲတော်ဖြစ်မြောက်ရေးနှင့် နေပြည်တော်တွင် ဆောက်လုပ်မည့် ဓနုတိုင်းရင်းသား ဓမ္မာရုံ ဆောက်လုပ်ရန်တို့အတွက် အလှူငွေများကို ပေးအပ်ကြပါသည်။ ထို့နောက် ဂုဏ်ထူးဆောင် ကျောင်းသားကျောင်းသူများနှင့် ဓာတ်ပုံဆုရ ပုဂ္ဂိုလ်များအား ဆုများ ချီးမြှင့်ပေးအပ်ပါသည်။

ဓနုတိုင်းရင်းသားရေးရာ(ဗဟို)အဖွဲ့ချုပ် အလှည့်ကျဥက္ကဋ္ဌ ဦးနေမျိုးကျော်က နှုတ်ခွန်းဆက် စကားပြောကြားပြီးနောက် နောင်ချိုမြို့နယ် ဓနုတိုင်းရင်းသားရေးရာအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးညွန့်လှိုင်က ကျပ် ၅ သိန်းနှင့်အထက် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ပါသည်။ ထို့နောက် ဒုတိယအကြိမ် ဓနုအမျိုးသား‌နေ့ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားပါသည်။

 ရှမ်းပြည်နယ်တွင် ဓနုတိုင်းရင်းသားများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုပေါင်း ၃၃ မျိုး နေထိုင်ကြရာ ၁၉၉၅ ခုနှစ် သန်းခေါင်စာရင်းအရ ရှမ်းပြည်နယ်၌ ဓနုတိုင်းရင်းသား ခုနှစ်သောင်း ကျော်ရှိခဲ့ရာမှ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်း စာရင်းအရ ဓနုတိုင်းရင်းသား တစ်သိန်းခွဲခန့်ရှိပြီး ယခုအခါ နှစ်သိန်းနီးပါးရှိသည်။ ဓနုလူမျိုးတို့သည် ရှမ်းပြည်နယ်တောင်ပိုင်း ပင်းတယ၊ ပွေးလှ၊ ရေဉီး၊ ရွာငံ၊ ဘော်ဆိုင်း၊ ရပ်စောက်၊ ကျောက်ထပ်၊ ကလော၊ အောင်ပန်းဒေသများ၌ အများဆုံး နေထိုင်ကြပြီး ပျဉ်းမနား၊ ရမည်းသင်း၊ သာစည်တို့နှင့် ဆက်စပ်နေသော တောင်ကြောဒေသများ၌ အသင့်အတင့် နေထိုင်ကြသည်။ ဓနုအမျိုးသားနေ့သည် ရှမ်းပြည်နယ်အတွင်း ဓနုအမျိုးသားအများစုနေထိုင်ကြသော ၁၀ မြို့ နယ်ရှိ ဓနုအမျိုးသားကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံးရှိ ဓနုအမျိုးသားကိုယ်စားလှယ်များ စုပေါင်းပြီး ပင်းတယမြို့၌ ၁၃၈၀ ခုနှစ် နတ်တော်လဆန်း ၈ ရက်နေ့တွင် ဓနုအမျိုးသားညီလာခံကို ကျင်းပရာ၌ ညီလာခံမှ ဆုံးဖြတ်ချက် ၅ ရပ်ကို အညီအညွှတ် ချမှတ်နိုင်ခဲ့ပါသည်။ မြန်မာတစ်နိုင်ငံ လုံးရှိ ဓနုအမျိုးသားများ ပထမဆုံးအကြိမ် ညီလာခံ ကျင်းပနိုင်ခဲ့သည့် နတ်တော်လဆန်း ၈ ရက်နေ့ ကို နောင်အနာဂတ်တွင် သမိုင်းတွင်စေသော ဓနုအမျိုးသားတစ်ရပ်လုံး ညီညွတ်စေသော နေ့ထူး နေ့မြတ်အဖြစ် ဓနုအမျိုးသားညီလာခံကြီးက သတ်မှတ်ဆုံးဖြတ်ခဲ့ရာမှ ပေါ်ပေါက်လာကြောင်း သိရသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: