December 16, 2019 News 0 Comments

ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများ အစုအဖွဲ့နှင့် တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၇

တိုင်းရင်းသားလူမျိုးရေးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ယနေ့ ညနေ ၃ နာရီ၌ မန္တလေးတိုင်းဒေသကြီး ၆၅ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနရိပ်သာ၊ ဧည့်ခန်းမတွင် မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများဖြစ်သည့် မွန်၊ ကရင်၊ ချင်း၊ ဓနု ကိုးကန့်၊ ယော၊ ရှမ်း၊ လီဆူ စသည့် တိုင်းရင်းသားလူမျိုးအစုအဖွဲ့များအား လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးမှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများ၊ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအစုအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က အမှာစကားပြောကြားရာ တိုင်းရင်းသား လူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု အပါအဝင် တိုင်းရင်းသားလူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည် ဖြစ်ကြောင်း၊ အနာဂတ်လူငယ်များ  ပညာတတ်မှသာ အတွေးအခေါ်မှန်ကန်ပြီး အမှားအမှန်ကို ဝေဖန်ပိုင်းခြားနိုင်ကာ အမြော်အမြင်ဖြင့် ရှေ့တိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သို့မှသာ ဦးစီးဦးဆောင်ပြုနိုင်ကာ ပြည်ထောင်စုအတွက်  အလားအလာကောင်းမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီးမှ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ဆက်လက်၍ မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများအစုအဖွဲ့ ဥက္ကဋ္ဌ နိုင်မောင်မြင့်က မန္တလေးအခြေစိုက် တိုင်းရင်းသားအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြ၍ တာဝန်ရှိသူများက ဆွေးဆွေးတင်ပြကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က မန္တလေးအခြေစိုက် တိုင်းရင်းသားလူမျိုးစုများ အစုအဖွဲ့များအနေဖြင့် မန္တလေးတိုင်းဒေသကြီးရှိ တိုင်းရင်းသားလူမျိုးရေးရေးရာဝန်ကြီးဌာန၏ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ရှိသူများ အပါအဝင် သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ညှိနှိုင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရှိရပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: