ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့် စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးနိုင်သက်လွင် တက်ရောက်

 နေပြည်တော်၊ ဒီဇင်ဘာ ၁၁

တိုင်းရင်းသားလူမျိုးရေးရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ၁၁-၁၂-၂၀၁၉ ရက်နေ့ နံနက် ၆ နာရီ၌ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ အလိုတော်ပြည့် စေတီတော်ရင်ပြင်တွင် ကျင်းပသည့် အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ် မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

ရှေးဦးစွာ  အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်၍ အလိုတော်ပြည့်ကျောင်းတိုက်များ၏ အဓိပတိ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်သမ္မတ၏ နိုင်ငံ့ စွမ်းဆောင်ရည်ဆုရ ကမ္ဘာလုံးဆိုင်ရာ ဓမ္မငြိမ်းချမ်းရေးဆုရ (Global Dhamma Peace Laureate Golden Awards) ဒေါက်တာဘဒ္ဒန္တအရိယဝံသ ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီးထံမှ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့်ဇနီး၊ ညောင်ဦးခရိုင်နှင့် မြို့နယ်ရှိ ဌာနဆိုင်ရာပုဂ္ဂိုလ်များ၊ အလှူရှင်များနှင့် ဧည့်ပရိသတ် အပေါင်းတို့က ကိုးပါးသီလ ခံယူဆောက်တည်ကြ၍ သံဃာတော်များက ရွတ်ပွားချီးမြှင့်သည့် ပရိတ်တရားတော်များကို နာယူကြပါသည်။

          ဆက်လက်၍ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓရုပ်ပွားတော်အား အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က ပန်း ရေချမ်း သစ်သီး ဆွမ်း ဆက်ကပ်လှူဒါန်း၍ အဓိဋ္ဌာန်ပြုဆုတောင်းကြပြီးနောက် ဘုရားဂုဏ်တော်ကိုးပါးကို အာရုံပြု၍ ဂုဏ်တော် ၉ ပါး ပုတီးကိုးပတ်စိတ် ပူဇော်ကြပါသည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ အလှူရှင်များနှင့် ဧည့်ပရိသတ်တို့က အလိုတော်ပြည့် ကျောင်းတိုက် ဆရာတော် ဒေါက်တာဘဒ္ဒန္တအရိယဝံသ ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီးထံမှ အနုမောဒနာတရား နာကြား၍ လှူဒါန်းရသော ကောင်းမှုအစုစုအတွက် ၃၁ ဘုံသား ဝေနေယျသတ္တဝါ အများတို့အား ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အလိုတော်ပြည့်စေတီတော်မြတ်ကြီး၏ (၂၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အောင်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။           ထို့နောက် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ဆက်လက်ကျင်းပရာ ကြွရောက်လာကြကုန်သော ပင့်သံဃာတော် အရှင်သူမြတ်တို့အား နဝကမ္မ အလှူတော်ငွေနှင့် လှူဖွယ်ဝတ္တုပစ္စည်းများကို စေတနာသဒ္ဒါ တရား ထက်သန်စွာဖြင့် လှူဒါန်းကုသိုလ်ပြု လောင်းလှူကြကြောင်း သိရှိရသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: