ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင် မကွေးတိုင်းဒေသကြီးတွင် ညွှန်ကြားရေးမှူးရုံး ဆောက်လုပ်မည့်မြေနေရာ ကြည့်ရှုစစ်ဆေး၊ ဒေသခံတိုင်းရင်းသားများအား လက်ခံတွေ့ဆုံ

နေပြည်တော်   ဒီဇင်ဘာ   ၁၄

           မကွေးတက္ကသိုလ်၌ ကျင်းပသည့် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မကွေး) အခမ်းအနား တက်ရောက်ခဲ့သည့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည်   ၁၄-၁၂-၂၀၁၉ ရက်နေ့ နေ့လယ်  ၁ နာရီခွဲတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊မင်းကံကြီးရပ်ကွက်၊ အနော်ရထာလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူရုံး တည်ဆောက်မည့် မြေနေရာသို့ ရောက်ရှိကာ ရုံးအဆောက်အအုံ တည်ဆောက်နိုင်ရေးအတွက် မြေပြင်အခြေအနေကို ကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီးမှ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းနှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပါသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ရုံးအဆောက်အအုံ ဆောက်လုပ်ရန်  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ရရှိပြီးဖြစ်၍ ရုံးအဆောက်အအုံ ဆောက်လုပ်ရေးနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်  မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အပ်နှံထားပြီးဖြစ်ကြောင်း၊  ပြည်သူ့ဘဏ္ဍာငွေနှင့် ပတ်သက်သည့် နိုင်ငံတော်၏ လေးနက်သော မူဝါဒများအရ ပွင့်လင်းမြင်သာသည့် တင်ဒါစနစ်ဖြင့် စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ ပြည်သူ့ဘဏ္ဍာငွေကို အကျိုးရှိထိရောက်စွာ အသုံးချသည့် အစီအမံများ ဖြစ်ကြသည့် တိကျစွာ သိရှိဆုံးဖြတ်နိုင်မှု၊ အရည်အသွေးနှင့်စံကို ကြိုတင်သတ်မှတ်နိုင်မှု၊ သတ်မှတ်သည့် လိုအပ်ချက်များနှင့် ကိုက်ညီမှု၊ အရည်အသွေးအဆင့်အတန်းမီမှု၊ ရေရှည်ထိန်းသိမ်းမှုစနစ်၊ ဘတ်စုံထောင့်စုံက ဆန်းစစ်ခြင်း၊ နားလည်တတ်ကျွမ်းသူများ၏ အကူအညီရယူခြင်း စသည့် တည်ဆောက်ရေး လုပ်ငန်းများ၏ အစီအမံများကို အစိုးရအဖွဲ့မှ ကြီးကြပ်၍ ဘဏ္ဍာနှစ်အတွင်း အချိန်မီ ပြီးစီးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်း ဆောင်ရွက်သွားရန်၊ ဒေသနှင့်ကိုက်ညီသော အခင်းအကျင်းများ၊ ပတ်ဝန်းကျင်မြေပြင်အခြေအနေနှင့်အညီ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မကွေးတိုင်း ဒေသကြီး ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး တည်ဆောက်မှုတွင် အဆောက်အအုံ (ပေ ၆၀ x ၈၀   သံကူကွန်ကရစ်    ၂ ထပ်) တည်ဆောက်ခြင်း အပါအဝင် ခြံစည်းရိုးကာရံခြင်း၊ အဝင်ဂိတ်တံခါး ပြုလုပ်ခြင်း၊ ကွန်ကရစ်အဝင်လမ်းခင်းခြင်း၊ ကားပါကင်ခင်းခြင်း၊ ပြင်ပရေသွယ်တန်းခြင်း (အဝီစိ တွင်းတူးခြင်း၊ Pump house)၊ ပြင်ပလျှပ်စစ်မီးသွယ်တန်းခြင်း လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီး ပြည်နယ်များ၌ ဦးစီးဌာန ညွှန်ကြားရေးမှူးရုံး အဆောက်အုံတည်ဆောက်ရေး လုပ်ငန်းများကို ၂၀၁၈ ခုနှစ်၌ စတင် ဆောင်ရွက်ခဲ့ရာ ၂၀၁၈ ခုနှစ်၌ မွန်ပြည်နယ်ရုံး- မော်လမြိုင်မြို့၊ ကရင်ပြည်နယ်ရုံး- ဘားအံမြို့၊ ကယားပြည်နယ်ရုံး- လွိုင်ကော်မြို့၊ ၂၀၁၉ ခုနှစ်၌ ပဲခူးတိုင်းဒေသကြီးရုံး- ပဲခူးမြို့၊ ဧရာဝတီ တိုင်းဒေသကြီးရုံး- ပုသိမ်မြို့နှင့် ရန်ကုန်တိုင်းဒေသကြီးရုံး-ရန်ကုန်မြို့ တို့ကို ဆောက်လုပ်ဖွင့်လှစ် နိုင်ခဲ့ပါသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ရခိုင်ပြည်နယ်ရုံး-စစ်တွေမြို့၊ ချင်းပြည်နယ်ရုံး-ဟားခါးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီးရုံး-မုံရွာမြို့တို့တွင် ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရှိရသည်။

          ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည်    နေ့လယ် ၁၄:၀၀ နာရီ၌ မကွေး တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မကွေးတိုင်းဒေသကြီးရှိ ဒေသခံ တိုင်းရင်းသားများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များအား လက်ခံတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အမှာစကား ပြောကြားရာ၌ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၏ ရည်ရွယ်ချက်အရ တိုင်းရင်းသားလူမျိုး အားလုံး နိုင်ငံသားအခွင့်အရေးများ ရရှိစေပြီး တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ အပြည့်အဝ ရရှိခံစားနိုင်ရေး အပါအဝင် တိုင်းရင်းသားစာပေ ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း လူမျိုး မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား လူငယ်များ စာတတ် ပညာတတ်ကြမှသာ အတွေးအခေါ်မှန်ကန်ပြီး ကိုယ့်အကျိုး အများအကျိုး ခွဲခြားနိုင်၍ မှန်ကန်မြင့်မြတ်သောစိတ်ထားဖြင့် တိုင်းရင်းသားအားလုံးအတွက် တန်းတူညီမျှသော အကျိုးကို ရှေ့တိုးဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ အချင်းချင်း စိတ်ဝမ်းကွဲပြားမှုများကို လက်နက် ကိုင် ဖြေရှင်းခြင်းမပြုဘဲ စကားဝိုင်းဖြင့် တွေ့ဆုံဆွေးနွေး အဖြေရှာကြသည့် ယဉ်ကျေးမှုကို ကျင့်သုံး၍ မိမိတို့အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ညှိနှိုင်းတိုင်ပင်ကာ ပြည်ထောင်စုစိတ်ဓာတ် မွေးမြူကြမှသာ ငြိမ်းချမ်းမှုရရှိနိုင်မည်ဖြစ်ပါကြောင်း၊ မည်သည့်ဒေသတွင် ရောက်ရှိနေထိုင်ကြသည်ဖြစ်စေ တိုင်းရင်းသားလူမျိုးများအချင်းချင်း နားလည်မှု ချစ်ခင်မှု အပြန်အလှန် ရိုင်းပင်း ကူညီမှုရှိမှသာ ထာဝစဉ်ငြိမ်းချမ်းသည့့်် ဟန်ချက်ညီသော ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရရှိနိုင်မည် ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် မကွေးတိုင်းဒေသကြီးမှ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းက နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။

ဆက်လက်၍ တက်ရောက်လာသူများက ဆွေးနွေးတင်ပြကြပြီး ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးတို့က ဖြည့်စွက်ရှင်းလင်းခဲ့ပါသည်။ မကွေးတိုင်းဒေသကြီးတွင် အရှိုချင်း၊ ဥ(ပ်)ပူးချင်း၊ ဒိုင်ရင်ဒူးချင်း၊ ချိုးချင်းနှင့် ဟားခါးချင်း တိုင်းရင်းသားများ နေထိုင်ကြပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၂၀ ကျော် ရှိကြကြောင်း သိရသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: