တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

နေပြည်တော်  ဇန်နဝါရီ  ၂၀

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည်  ယနေ့နံနက် ၁၀ နာရီ၌ နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည့် ဝန်ကြီးဌာန လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊  တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တာဝန်ခံအရာရှိများ တက်ရောက်ခဲ့ကြပါသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာ၌ ၂၄-၂-၂၀၁၅ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းခဲ့သော တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေအရ လက်ရှိအစိုးရသစ်လက်ထက် ၃၀-၃-၂၀၁၆ ရက်နေ့တွင် ဝန်ကြီးဌာနကို စတင်ဖွဲ့စည်းခဲ့ပြီး ၄ နှစ်တာကာလအတွင်း နေပြည်တော် (ရုံးချုပ်) အပြင် တိုင်းဒေသကြီး ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ ဖွင့်လှစ်ခဲ့ပြီးဖြစ်၍ ရုံးလုပ်ငန်းများကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ရန် တာဝန်ခံ တာဝန်ယူဆောင်ရွက်ရသည့် သက်ဆိုင်ရာဦးစီး ဌာနနှင့် တာဝန်ခံအရာရှိများကို တာဝန်ပေးအပ်ခဲ့ပြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ညွှန်ကြားရေးမှူးရုံးများ၌ တာဝန်ခံအရာရှိများအနေဖြင့်  ဝန်ကြီးဌာနကို ကိုယ်စားပြုသဖြင့် လုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ တိတိကျကျ တာဝန်ပေးအပ်မှုကို ရှင်းရှင်းလင်းလင်း သိရှိပြီး ဌာနခွဲခြားလုပ်ဆောင်ခြင်းကို အထူးရှောင်ကြဉ်ရန်၊ တာဝန်ခံအရာရှိ မဟုတ်သော ဦးစီးဌာန တာဝန်ရှိသူများကလည်း တာဝန်ခံအရာရှိ၏ လုပ်ငန်းဆောင်ရွက်မှုများကို ပူးပေါင်းပံ့ပိုးကူညီရန်၊ လုပ်ငန်းများဆောင်ရွက်ရာ၌ နှောင့်နှေးကြန့်ကြာမှုမရှိဘဲ ထိရောက်မြန်ဆန် မှန်ကန်စွာ ဆောင်ရွက်ရန်၊ ဦးစီးဌာနနှစ်ခု၏ တာဝန်ဝတ္တရားများသာမက ပြည်ထောင်စုဝန်ကြီးရုံးက အခါ အားလျော်စွာထုတ်ပြန်သည့် ညွှန်ကြားချက်များအပေါ် တာဝန်ယူ တာဝန်ခံ ဆောင်ရွက်ရမည် ဖြစ်ပြီး ရုံးစိုက်ရာ တိုင်းဒေသကြီး ပြည်နယ်၏ အစိုးရအဖွဲ့၊ အခြားဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်း အသင်းအဖွဲ့များနှင့် အလုပ်သဘော ဆွေးနွေးဆက်ဆံရသည့် ကိစ္စရပ်များတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနကို တာဝန်ခံ ကိုယ်စားပြုရမည်ဖြစ်၍ ဝန်ကြီးဌာန၏ ဂုဏ်သိက္ခာနှင့် ပုံရိပ် မကျဆင်းစေရန် အထူးဂရုပြုလျက် စည်းလုံးညီညွတ်စွာဖြင့် တာဝန်ထမ်းဆောင်ကြရန်၊ ဝန်ကြီးဌာနအပေါ် ဒေသခံ ပြည်သူလူထုက လေးစားအားကိုးစေရေးအတွက် ဒေသခံများ၏ လိုအပ်ချက်များကို အလျင်မြန်ဆုံး အကောင်းမွန်ဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနိုင်ရေး အထူးအလေးပေး ကြိုးစား ဆောင်ရွက်သွားကြရန်၊ ဝန်ကြီးဌာန၏ မျှော်မှန်းချက်၊ မူဝါဒနှင့် လုပ်ငန်းတာဝန်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ နည်းဥပဒေများ ပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေ နည်းဥပဒေများကို ကျေညက်စွာ လေ့လာသိရှိထားရန်နှင့် နည်းဥပဒေ အခန်း (၆) ၌ ဖော်ပြ ပါရှိသော စီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ခေါင်းစဉ်အောက်မှ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဦးစီးဌာနအချင်းချင်း ပေါင်းစပ် ညှိနှိုင်းကာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အတွင်းရှိ စီမံကိန်းများ အကောင်အထည်ဖော်မှုတွင် ဆက်စပ်ဌာနများနှင့် စနစ်တကျ ပူးပေါင်းပါဝင် ဆောင်ရွက်သွားရန် မှာကြားပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးလှမော်ဦးက လမ်းညွှန်ပြောကြားရာ၌ ဝန်ထမ်းများသည် တိုင်းရင်းသားများဖြစ်ကြ၍ စည်းလုံးညီညွတ်မှု ရှိရန်၊ တာဝန်ခံအရာရှိများသည် ဦးစီးဌာနနှစ်ခု၏ တာဝန်ခံအဖြစ် သတ်မှတ် တာဝန်ပေးအပ်ပြီးဖြစ်၍ စွမ်းဆောင်ရည်ထက်မြက်ကာ သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၏ လက်စွဲ ဖြစ်စေရန်နှင့် ရုံးအဆောက်အအုံကို Ethnic Communication Center (ECC) အဖြစ် အသုံးပြုနိုင်သည်အထိ ဆောင်ရွက်ရေး စသည်ဖြင့် ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ယင်းနောက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးဌာန ညွှန်ကြားရေးမှူးရုံးများမှ တာဝန်ခံအရာရှိများက မိမိတို့ တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာများ အပါအဝင် အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြပါသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးဦးလှမော်ဦးက လိုအပ်ချက်များကို ဖြည့်စွက်ညှိနှိုင်းပေးကာ နိဂုံးချုပ်အနေဖြင့် ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ဝန်ထမ်းများအား ကိုယ့်တာဝန်ကို သိမြင်၍ တာဝန် ကျေပွန်စွာ ထမ်းဆောင်ဆောင်ကြရန် ပြောကြားခဲ့ပါသည်။

ညှိနှိုင်းဆွေးနွေးပွဲ အပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး တို့က ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ် ချီးမြှင့်ခြင်းခံရသော ဝန်ထမ်းများအား ပြည်သူ့ဝန်ထမ်းဆိုင်ရာ ဂုဏ်ပြုမှတ်တမ်းလွှာများ၊ ဂုဏ်ထူးဆောင် တံဆိပ်များနှင့် တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေများကို ချီးမြှင့်ပေးခဲ့ပြီး ဂုဏ်ပြုခံ ဝန်ထမ်းများက လက်ခံ ရယူခဲ့ကြပါသည်။

(ပြည်တွင်းပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးဌာနခွဲ)

Share: