January 28, 2020 News 0 Comments

ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ ၂၈

တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီး အခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသား အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်၍ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် ကရင်ပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ် တစ်ရပ်ကို  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ပေါကြူကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

          အခမ်းအနားတွင် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကရင်ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးကျော်မင်းထွဋ်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက် ရှင်းလင်းပြောကြားပြီး ကရင်ပြည်နယ်၊ မွန်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ နိုင်ဇော်မင်းဦးမှ အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ    ဦးစီးအရာရှိ ဦးကျော်ကျော်လွင်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများကိုလည်းကောင်း ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးမြင့်နှင့် ပြည်နယ်လူမှု ဝန်ထမ်းဦးစီးဌာန၊ အမှတ် (၁) မူလတန်းကြို ကျောင်းအုပ် ဒေါ်ချိုချိုမာတို့က လူမှုဝန်ထမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒနှင့် လူမှုရေးပင်စင်၊ ကိုယ်ဝန်ဆောင် မိခင်နှင့် အသက် ၂ နှစ်အောက်ကလေးများအတွက် ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် သက်ဆိုင်သည့့်် အကြောင်းအရာများကိုလည်းကောင်း အသီးသီး အသိပညာပေး ဟောပြောကြပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်း မေးခွန်းလွှာအပေါ် အသေးစိတ် ရှင်းလင်းခြင်းနှင့် တက်ရောက်လာသူများ၏ သက်မွေးဝမ်းကျောင်း သင်တန်းများတက်ရောက်ခွင့် ရရှိမှု၊ အသုံးချမှု၊ အကျိုးသက်ရောက်မှု၊ လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ အုပ်စုဖွဲ့ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူ ၅၈ ဦး ထံမှ စစ်တမ်းများ ကောက်ယူခဲ့ပါသည်။

          အခမ်းအနားသို့  တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကရင်ပြည်နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ နိုင်ဇော်မင်းဦးနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးအပါအဝင် ကျေးရွာသူ ကျေးရွာသားများ စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြသည်။

ယခု ကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်မှာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကရင်ပြည်နယ်၌ ၆ ကြိမ် ကျင်းပသွားရန် လျာထားချက်အရ ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အစီအစဉ်ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: