ဘုရားကုန်းကျေးရွာ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဟောပြော၊ ရပ်ရွာကို အခြေပြုသည့် သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ

နေပြည်တော်၊ ဇန်နဝါရီလ ၃၁

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များ၊ တာဝန်နှင့် လုပ်ပိုင်ခွင့် များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများအပါအဝင် နိုင်ငံတော်က ပြဋ္ဌာန်းခဲ့ပြီး ဖြစ်သည့် ဥပဒေများအရ သက်ကြီးဘိုးဘွားများ၊ အမျိုးသမီးများ၊ မသန်စွမ်းသူများ၊ ကလေးသူငယ်များ အပါအဝင် နိုင်ငံသားအားလုံးတို့၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူထုအကြား ပိုမို ကျယ်ပြန့်စွာ သိရှိ နားလည်လာနိုင်စေရန် ရည်ရွယ်ချက်ဖြင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ် စီမံခြင်း အစီအစဉ် တစ်ရပ်ကို သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ဘုရားကုန်းကျေးရွာ၊ ရွာဦး ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး၊  ကျောင်းကုန်းမြို့နယ် အုပ်ချုပ်ရေးမှူး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီး ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ၊ ဒု-ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျေးရွာသူ ကျေးရွာသားများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အဖွင့်အမှာ စကားပြောကြားရာ  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးသည် ဒေသနေ တိုင်းရင်းသားများ၏ တိုင်းရင်းသားရေးရာကိစ္စများကို ညှိနှိုင်းပေါင်းစပ် ကူညီ ဆောင်ရွက်ပေး နိုင်မည့် ဆုံချက်ဖြစ်ပါကြောင်းနှင့် တက်ရောက်လာသူများအနေဖြင့် အသက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက်စစ်တမ်းကိုလည်း အထူးအလေးထား၍ ဖြေဆိုပေးကြရန် ထည့်သွင်းပြောကြားခဲ့ပြီး ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက အမှာစကား ပြောကြားရာတွင်လည်း တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေပါ အကြောင်းအရာ များအရ တိုင်းရင်းသားများအားလုံး တန်းတူညီမျှသော အခွင့်အရေးများ ရရှိနိုင်ကြောင်း၊ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းသည်လည်း လူမှုဘဝ တိုးတက်ရေးအတွက် များစွာ အထောက်အကူပြုမည် ဖြစ်ကြောင်းတို့ကို အလေးထား၍ ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်မေသူပိုက ဝန်ကြီးဌာန ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများနှင့် စပ်လျဉ်း၍လည်းကောင်း၊   ဒုတိယဦးစီးမှူး ဦးမြင့်မောင်မောင်မှ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးက အမျိုးသမီးရေးရာမူဝါဒ၊ ကလေးသူငယ် အခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင်တို့နှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာအပေါ် အသေးစိတ် ရှင်းလင်း ပြောကြားခြင်း၊   သက်မွေးဝမ်းကျောင်းသင်တန်းများ ရရှိမှု၊ အသုံးချမှု၊ အကျိုးသက်ရောက်မှု၊ လိုအပ်မှု စသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းနှင့် စစ်တမ်းများ ကောက်ယူစုစည်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည့် ကရင်၊ ဗမာ၊ ရခိုင် စသည့် တိုင်းရင်းသားလူမျိုးများပါဝင်သော ကျေးရွာသူကျေးရွာသား ၁၂၄ ဦးအနက် တက်ရောက်လာ သူ ၇၅ ဦးတို့က စစ်တမ်းများကို ဖြေဆိုပေးခဲ့ကြောင်း သိရှိရပါသည်။

ယခု ကျင်းပသည့် အခမ်းအနားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပြုလုပ်ရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ၆ ကြိမ်အနက် ပထမဆုံးအကြိမ်အဖြစ် ကျင်းပသည့် အစီအစဉ် ဖြစ်ကြောင်း သတင်းရှိပါသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: