February 5, 2020 News 0 Comments

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၅   

သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများ အပါအဝင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအပေါ် တိုင်းရင်းသားလူမျိုးများအကြား ပိုမိုနားလည် သဘောပေါက်လာစေရန် ရည်ရွယ်၍ သက်ဆိုင်ရာဒေသများမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်းကာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းအခြေခံပညာအထက်တန်းကျောင်း၊ ပညာကြယ်စင်ခန်းမ၌ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့် ရှင်းလင်းဟောပြောစဉ်

အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး နန်းစံဝင့်ခိုင်က ချောင်းဆုံမြို့နယ်သည် မွန်တိုင်းရင်းသားအများစု နေထိုင်ကြသည့် မြို့နယ်ဖြစ်ပြီး တိုင်းရင်းသားလူမျိုးများရရှိမည့် အခွင့်အရေးကိုလည်းကောင်း၊  တိုင်းရင်းသား လူမျိုးများ၏ စကား၊ စာပေ၊ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ထုံးတမ်း၊ အနုသုခုမနှင့် သမိုင်းအမွေအနှစ် များကို များစွာ ထိန်းသိမ်း ဖော်ဆောင်နိုင်သည့် လူမျိုးများဖြစ်ကြောင်း၊ ယနေ့အချိန်အခါသည် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် အရေးပါသည့် အခန်းကဏ္ဍသို့ ရောက်ရှိလာပြီဖြစ်၍ အမျိုးသမီးများ၏အခွင့်အရေးနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုများမှ ကာကွယ်စောင့်ရှောက်
သည့်ဥပဒေကို ယခု တက်ရောက်လာကြသူများအားလုံး သိရှိလေ့လာထားကြရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ဆက်လက်၍ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး စောအောင်မြင့်ခိုင်က ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် ဒေသများတွင်ရှိသည့် တိုင်းရင်းသား လူမျိုးများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တိုင်းရင်းသားလူမျိုးများ အချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ယနေ့ပြုလုပ်သည့်အစီအစဉ်သည် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် စီမံကိန်းရေးဆွဲရာ၌ လိုအပ်သည့် အချက်အလက်များကို မှန်မှန်ကန်ကန်ရရှိနိုင်ရန် စစ်တမ်းကောက်ယူခြင်းဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရဲမြတ်ဦး ဟောပြောစဉ်

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံလက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က တိုင်းရင်းသားလူမျိူးများရေးရာဝန်ကြီးဌာန၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များကို လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မွန်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံဦးစီးအရာရှိ ဦးစောချစ်သန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများကိုလည်းကောင်း၊ မွန်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာရဲမြတ်ဦးက  လူမှုဝန်ထမ်းဦးစီးဌာန၏ လုပ်ငန်းတာဝန် ၇ ရပ်နှင့် ရှေးဦးအရွယ် ကလေးသူငယ်ပြုစုစောင့်ရှောက်ရေးဥပဒေကိုလည်းကောင်း၊ ချောင်းဆုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမောင်မောင်ဌေးက ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအခွင့်အရေးနှင့် တာဝန်တို့ကိုလည်းကောင်း  ရှင်းလင်းပြောကြားခဲ့ကြပါသည်။

အခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပအိုဝ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ကရင်  တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့် ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဒေသခံမွန်တိုင်းရင်းသား ၁၀၀ ကျော် တက်ရောက်ခဲ့ရာ ၎င်းတို့အနက် ၅၀ ဦးတို့က တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက်စစ်တမ်း မေးခွန်းလွှာများကို ဖြေဆိုပေးခဲ့ကြသည်။

ယခုအခမ်းအနားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မွန်ပြည်နယ်အတွင်း၌ ၆ ကြိမ် ကျင်းပသွားရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များ အနက် ပထမအကြိမ် ကျင်းပသည့် အစီအစဉ် ဖြစ်ကြောင်း သတင်းရရှိသည်။

 (တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: