February 20, 2020 News 0 Comments

တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများ ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်ခြင်းတို့ကို ထန်တလန်မြို့တွင် ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၀ ရက်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ တာဝန်၊ လုပ်ပိုင်ခွင့်များနှင့် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများ၊ တိုင်းရင်းသားလူမျိုး အားလုံးတို့နှင့် သက်ဆိုင်နေသည့် အခွင့်အရေးဆိုင်ရာများအပေါ် ဒေသအသီးသီးရှိ တိုင်းရင်းသားလူမျိုးများအနေဖြင့် ပိုမို နားလည်သိရှိလာကာ မိမိတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို ကိုယ်တိုင် ကာကွယ်စောင့်ရှောက်နိုင်လာစေရန်လည်းကောင်း၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ပိုမို နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လာနိုင်စေရန်လည်းကောင်း ရည်ရွယ်ဆောင်ရွက်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့်အတူ ဒေသအသီးသီးရှိ တိုင်းရင်းသား လူမျိုးများ၏ လူမှုစီးပွားဘဝများ မြင့်မားလာစေရေးအတွက် သင့်လျော်သည် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုမြှင့်တင် ဖန်တီးပေးနိုင်ရန် ရည်ရွယ်ကာ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်များကို တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတွင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ  တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနက ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်လည်း ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ TBC ခန်းမ၌ အဆိုပါ အခမ်းအနား တစ်ရပ်ကို ကျင်းပပြုလုပ်ခဲ့သည်။

လူမှုဝန်ထမ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ခင်အေးသက်ကဟောပြောစဉ်

အခမ်းအနားတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန မိတ်ဆက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေး ဆိုင်ရာများကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဦးစီးအရာရှိ ဦးထန်မွန်းခိုင်က ဟောပြောပြီးနောက် သက်ကြီးရွယ်အိုများ၏ အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒနှင့် ရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ထန်တလန်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ ဦးစီးအရာရှိ ဒေါ်ခင်အေးသက်က အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာအပေါ် ရှင်းလင်းတင်ပြကာ ဒေသတွင် သက်မွေးဝမ်းကျောင်းသင်တန်းများရရှိမှု၊ အသုံးချနိုင်မှု၊ အကျိုးသက်ရောက်မှု၊ လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့တွေ့ဆုံ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်တမ်းများ ကောက်ယူခဲ့ရာ တက်ရောက်လာသူများအနက် ၆၅ ဦးက စစ်တမ်းများကို ဖြေဆိုပေးခဲ့ကြောင်း သိရသည်။

ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်းဆိုင်ရာ စစ်တမ်းကောက်ယူစဉ်

အခမ်းအနားသို့ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ချင်း(ဟားခါး)စာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံလူငယ်များ၊ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၊ စုစုပေါင်း ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပြီး ယခုအခမ်းအနားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်အတွင်း ၆ ကြိမ် ပြုလုပ်ရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များအနက် ပထမဆုံးအကြိမ် အဖြစ် ဆောင်ရွက်ခဲ့သည့် အစီအစဉ် ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: