ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ဒုတိယအကြိမ် ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ နော်ကုန်းကျေးရွာ၊ ကျောင်းကြီးကျောင်းတိုက်၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက် ရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီးမှ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများနှင့် တိုင်းရင်းသားလူမျိုးများအားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ နားလည်သိရှိလာစေရန်နှင့် ရပ်ရွာအတွင်း အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ယင်းအစီစဉ်များကို အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်ကာ အခမ်းအနားသို့ အမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမှတ် (၃) မူးယစ် ရဲတပ်ဖွဲ့ခွဲ၊ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့စု၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ မြို့နယ် စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တာဝန်ရှိသူများနှင့် ဒေသခံများ စုစုပေါင်း လူဦးရေ ၁၃၀ ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကိုယ်စား တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ဇော်လင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်နီနီမင်းသိန်းက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။

ဆက်လက်၍ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးများနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးနိုင်ကလည်းကောင်း၊ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများနှင့်စပ်လျဉ်း၍ မြောက်ပိုင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သီသီထွန်းကလည်းကောင်း၊  မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများအန္တရာယ် အကြောင်းနှင့်စပ်လျဉ်း၍ မူးယစ်ဆေးဝါး တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့မှ ဒုရဲမှူးစိုးနိုင်ကလည်းကောင်း၊ လူကုန်ကူးမှုကာကွယ် တားဆီးရေး ဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်မြတ်နောင်စိုးကလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာကိစ္စရပ်များ၊ တိုင်းရင်း သားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊  နည်းဥပဒေများပါ ပြဋ္ဌာန်း ချက်များနှင့် စစ်တမ်းမေးခွန်းလွှာပါ အကြောင်းအရာများအား တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးကျော်ဝေသက် ကလည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးပေးခဲ့ကြပါသည်။

ထို့နောက် မှော်ဘီမြို့နယ်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားပေးခဲ့ကြသည်။

 

အခမ်းအနား၏ ဒုတိယပိုင်း အစီအစဉ်အဖြစ် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ရာ ဒေသခံတိုင်းရင်းသား ၇၁ ဦးတို့က  စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန)

Share: