တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ခမ်းပါတ်မြို့တွင် ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ  ၂၄ ရက်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ရွှေပတိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး၊ ခမ်းပါတ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ခမ်းပါတ်မြို့၊ အမှတ်(၃) အခြေခံပညာ အလယ်တန်း ကျောင်းအုပ်၊  တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများ၊ ကလေးမြို့ ချင်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ တမူးခရိုင်၊ ခမ်းပါတ်မြို့မှ ဒေသခံတိုင်းရင်းသား ဇို၊ ဖလမ်း၊ ထာဒို၊ လူရှိုင်း၊ ဟားခါး၊ ဗမာ စုစုပေါင်း  ၇၀ ဦးတို့ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးလာလ်ထောင်ထန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မဟာဗျူဟာ ရေးဆွဲခြင်းဖြင့် တိုင်းရင်းသား လူမျိုးများ၏ အခြေခံလိုအပ်ချက်များဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် ကဏ္ဍများတွင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ အားလုံး တန်းတူညီမျှရရှိနိုင်သည့် အခွင့်အရေးများ ပေါ်ပေါက်လာမည်ဟုလည်း ယုံကြည်မိကြောင်း၊ ၎င်းနောက် တိုင်းဒေသကြီး အတွင်းရှိ တိုင်းရင်းသားလူမျိုးများ မိမိတို့၏ စာပေနှင့်ဘာသာစကားများကို ထိန်းသိမ်း စောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ တိုင်းရင်းသား စာပေသင်ကြားနိုင်ရေးကိစ္စများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချင်းတိုင်းရင်းသားမျိုးနွယ်စုများ အနေဖြင့်လည်း မိမိတို့ မျိုးနွယ် အချင်းချင်း စည်းလုံးညီညွတ်မှုရရှိစေရေး ပူးပေါင်း ဆောင်ရွက်စေလိုပါကြောင်းနှင့် လက်ရှိအစိုးရ၏ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ပေါက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုတွင်လည်း စည်းလုံးညီညွတ်မှုကို အခြေခံကာ အချင်းချင်းပူးပေါင်း ဆောင်ရွက်ပေးကြပါရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။ ဆက်လက်ပြီး အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခမ်းပါတ်မြို့ အုပ်ချုပ်ရေးမှူးက အမှာစကားပြောကြားခဲ့ပါသည်။    ဆက်လက်၍ ကလေးမြို့၊ ချင်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အတွင်းရေးမှူး ဦးလျန်ထောင်း မှ ကျေးဇူးတင်စကားပြောကြားပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက် ရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ယုငယ်စိုးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်းနှင့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေအား မိတ်ဆက်ခြင်း အစီအစဉ် တို့ကိုလည်းကောင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့၊ အမှတ် (၃) အခြေခံပညာ အလယ်တန်း ကျောင်းအုပ် ဒေါ်စုစုကြည်မှ လူငယ်ရေးရာမူဝါဒများနှင့်စပ်လျဉ်း၍လည်းကောင်း ပညာပေး ရှင်းလင်း ပြောကြားခဲ့ကြသည်။

ထို့နောက် တိုင်းရင်သားအခွင့်အရေးများ ကာကွယ်စောင့် ရှောက်ရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်သည့်စစ်တမ်း မေးခွန်းလွှာများနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကာ တမူးခရိုင်၊ ခမ်းပတ်မြို့၊ ချင်းမျိုးနွယ်စုများထံမှ စစ်တမ်းများကို ကောက်ယူခဲ့ကြသည်။

 

တိုင်းရင်းသားဒေသများ၏ ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်းကောက်ယူခြင်းအစီအစဉ်များအား ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၆ ကြိမ်ကျင်းပပြုလုပ်သွားမည် ဖြစ်ရာ ယခုခမ်းပါတ်မြို့တွင် ကျင်းပခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းနှင့် လာမည့်မတ်လအတွင်း ကနန်းတိုင်းရင်းသား မျိုးနွယ်စုများထံမှ ထပ်မံကောက်ယူ သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 (တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: