February 26, 2020 News 0 Comments

ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် ဖားဆောင်းမြို့နယ်တွင် ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၁

တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် သက်ကြီး ပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းအစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ဝမ်အောင်းကျေးရွာဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ဝန်ကြီး ဦးလှမျိုးဆွေ က အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပပြုလုပ်သည့် အစီအစဉ်သည် တိုင်းရင်း သားများရဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေး ဆောင်ရွက်ရာမှာ လိုအပ်တဲ့ အချက်အလက်များ မှန်မှန်ကန်ကန် ရရှိရန်အတွက် စစ်တမ်း ကောက်ယူခြင်း ဖြစ်ပါကြောင်း၊ ဒါ့အပြင် တိုင်းရင်းသားတွေ မိမိတို့ရဲ့ အခွင့်အရေးများကို  သိရှိနားလည်ပြီး အခွင့်အရေးဆုံးရှုံးမှုများ မဖြစ်ရလေအောင် ကာကွယ်စောင့်ရှောက်တဲ့  ဥပဒေနဲ့ နည်းဥပဒေတွေကို အသိပညာပေး ရှင်းလင်းပြောကြားပေးသွားမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားများ အနေဖြင့်လည်း မိမိတို့အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို  သေချာစွာ သိရှိနားလည်ထားမှသာ ရှေ့လျှောက် မိမိတို့ရဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေကို မှန်မှန်ကန်ကန် တင်ပြနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယား ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမြင့်ထွန်းက တိုင်းရင်းသားတွေ အားလုံး မိမိတို့တိုင်းရင်းသားလူမျိုးတွေအတွက် ပြဋ္ဌာန်းထားတဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ကိုယ်တိုင် သိရှိနားလည်စေရေးနှင့် အခွင့်အရေးနစ်နာဆုံးရှုံးမှုများ ဖြစ်လာပါက တင်ပြရမည့် ပုံစံနှင့်၊ တင်ပြရမည့် နေရာများ ပတ်သက်၍ ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များကို ကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်းများအပြင် တိုင်းရင်းသားတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝမ်အောင်းကျေးရွာသို့ လာရောက်၍ ဒေသခံ တိုင်းရင်းသားများအတွက် လိုအပ်သည့် သင်တန်းများ၊ နည်းပညာများကို သိရှိနိုင်ရန် စစ်တမ်းများကိုကောက်ယူခြင်း ဖြစ်ပါကြောင်း၊ ဒေသခံတိုင်းရင်းသားများ၏ လိုအပ်ချက်များကို သိရှိပြီးမှသာ တိုင်းရင်းသားများအတွက် လိုအပ်မည့် အသက်မွေးဝမ်းကျောင်းပညာသင်တန်း အစီအစဉ်များ၊ နည်းပညာပေးအစီအစဉ်များကို ဆက်လက် ဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း တို့ကို ရှင်းလင်းပြောကြားကာ၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသန်းက မြန်မာနိုင်ငံသား ဥပဒေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) နှင့် ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းပါ အခွင့်အရေးများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဦးစီးအရာရှိ ဦးသီဟစိုးက တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက် သည့် ဥပဒေ၊ နည်းဥပဒေများနှင့် ပတ်သက်၍လည်းကောင်း၊  ကရင်ပြည်နယ် ဖားဆောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဗိုလ်က လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများ၊ မသန်စွမ်း အခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒနှင့် လူမှုရေးပင်စင်ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်းစစ်တမ်း မေးခွန်းလွှာအား ရှင်းလင်းခြင်း၊ တက်ရောက်လာသူ များနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းများကို ပြုလုပ်ကာ စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဖားဆောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး၊  ဖားဆောင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ တိုင်းရင်သားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ကယား ပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ဝန်ထမ်းများ၊ ယင်းတလဲစာပေနှင့်ယဉ်ကျေးမှု ကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဝမ်အောင်းကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ နှင့် ကျေးရွာသူကျေးရွာသားများ စုစုပေါင်း ၁၃၀ ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများ အနက် ၆၉ ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုခဲ့ကြောင်း သတင်းရရှိပါသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကယားပြည်နယ်၌ ၆ ကြိမ် ပြုလုပ်သွားရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များအနက် ယခု အခမ်းအနားသည် ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်မှု ဖြစ်ကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: