တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်း ကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်းအစီအစဉ် တနင်္သာရီတိုင်းဒေသကြီးတွင် ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၅

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ် အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ဒုတိယအကြိမ်အဖြစ် သက်ဆိုင်ရာ ဒေသရှိ လွှတ်တော်၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့နှင့် ပူးပေါင်းကာ ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ်၊ ထမင်းမစားကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာ၊ ပုလောမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်၊ မြိတ်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်နီနီဝင်း၊  တနင်္သာရီတိုင်း ဒေသကြီး အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးဒေါ်မီမီစိန်၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နော်မာလေး၊ ပုလောမြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံအရာရှိ၊ ပုလောမြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များ၊  ထမင်းမစားကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံတိုင်းရင်းသားများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ အပါအဝင် စုစုပေါင်း ၁၁၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားကို အစီအစဉ်နှစ်ရပ်ဖြင့် ကျင်းပခဲ့ရာ ပထမပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောလုကာက အဖွင့်အမှာစကား ပြောကြား၍ ပုလောမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးထင်က နှုတ်ခွန်းဆက် စကားပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မိမိကျော်က တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးနိုင်က တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍လည်းကောင်း၊ မြိတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်းက မြန်မာနိုင်ငံတွင် ချမှတ်ထားသော နိုင်ငံသားများ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများနှင့် သက်ဆိုင်သည့် အခွင့်အရေးများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ရှင်းလင်း ဟောပြောခဲ့သည်။

ဒုတိယပိုင်း အစီအစဉ်တွင် တက်ရောက်လာသော ဒေသခံတိုင်းရင်းသားများသို့ ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်မှုဆန်းစစ်ချက် မေးခွန်းလွှာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်း၊ အုပ်စုလိုက်ဆွေးနွေခြင်းနှင့် စစ်တမ်းမေးခွန်းလွှာများ ဖြေဆိုခြင်းတို့ကို ဆောင်ရွက်ခဲ့ရာ ဒေသခံတိုင်းရင်းသား ၅၀ ဦးတို့က စစ်တမ်း မေးခွန်းလွှာများကို စိတ်ပါဝင်စားစွာ ဖြေဆိုပေးခဲ့ကြကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: