March 3, 2020 News 0 Comments

တနင်္သာရီတိုင်းဒေသကြီး၊ ပလောက်မြို့တွင် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြော၍ အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်း ကောက်ယူ

နေပြည်တော်၊ မတ် ၂

 

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းစဉ်၊ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုများ၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ အကြောင်းအရာများအပါအဝင် သက်ကြီး ပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများနှင့် စပ်လျဉ်း၍ တိုင်းရင်းသား လူမျိုးများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန်ရည်ရွယ်ဆောင်ရွက်သည့် တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို တနင်္သာရီတိုင်းဒေသကြီးအတွင်း တတိယ အကြိမ်အဖြစ် သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ပလောက်မြို့၊ ပြည်ခြားကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန ဝန်ကြီး စောလုကာ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း ၁၂၀ ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကားပြောကြား၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး စောလုကာက ကျင်းပဆောင်ရွက်သည့် အစီအစဉ်နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ကြပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး စသည့် ကိစ္စရပ်များနှင့် စပ်လျဉ်းသည့် ဒေသခံပြည်သူများ၏ မေးမြန်းချက်များကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် သက်ဆိုင်ရာဌာန အကြီးအကဲများက ပြန်လည် ဖြေကြားရှင်းလင်းခဲ့ကြပါသည်။

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မိမိကျော်က တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေ များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမျိုးနိုင်က တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍လည်းကောင်း၊ မြိတ်ခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်းက လူမှုဝန်ထမ်းဦစီးဌာနက ဆောင်ရွက်လျက်ရှိသည့် အမျိုးသမီးရေးရာမူဝါဒ၊ ကလေးသူငယ်အခွင့်အရေးများ၊ မသန်စွမ်းအခွင့်အရေးများ၊ လူငယ်ရေးရာမူဝါဒ၊ လူမှုရေးပင်စင် စသည်တို့နှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ဟောပြောခြင်းများကို အသီးသီး ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်း မေးခွန်းလွှာပါ အချက်အလက်များကို ရှင်းလင်းတင်ပြကာ သက်မွေးဝမ်းကျောင်းသင်တန်းများ ရရှိမှု၊ အသုံးချမှု၊ အကျိုးသက်ရောက်မှုနှင့် လိုအပ်မှု အခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပြီး စစ်တမ်းများကောက်ယူခဲ့ရာ ၃၂ ဦးတို့က စစ်တမ်းများကို ဖြေဆိုပေးခဲ့ကြပါသည်။

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည်  သက်ဆိုင်ရာအဖွဲ့အစည်း အသီးသီးတို့နှင့် ပူးပေါင်း၍ တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များကို တနင်္သာရီတိုင်းဒေသကြီး၌  ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၆ ကြိမ် ကျင်းပဆောင်ရွက်သွားရန် လျာထားကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: