ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် မကွေးတိုင်းဒေသကြီးတွင် ဒုတိယအကြိမ် ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ ဦးလှထွန်း အဖွင့်မိန့်ခွန်းပြောကြားစဉ်

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်တကွ တိုင်းရင်းသားလူမျိုးများအားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးဆိုင်ရာများကို တိုင်းရင်းသားလူမျိုးများအကြား ကျယ်ကျယ် ပြန့်ပြန့်သိရှိလာစေရန် ရည်ရွယ်၍ တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်အသီးသီး၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအတွင်း ဒုတိယအကြိမ်အဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မင်းလှမြို့နယ်၊ ဇီးတောကျေးရွာ၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပပြုလုပ်ခဲ့သည်။

လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းလင်း ရှင်းလင်းတင်ပြစဉ်

အဆိုပါ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားပြီးနောက် မင်းလှမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်သန်း၊ မင်းလှမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန လ.ဝ.ကမှူး ဦးစန်းမင်းတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။

 

 

 

ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းလင်းက ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများ၊ စစ်တမ်းကောက်ယူမည့် အချက်အလက်များနှင့် ပတ်သက်၍ လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မမငယ်က အမျိုးသမီး၊ မသန်စွမ်းနှင့်ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၏ ရည်ရွယ်ချက်၊ အခြေခံမူများ၊ အထူးအလေးပေးရမည့်လူငယ်များ၊ အဓိကကဏ္ဍများနှင့် စပ်လျဉ်း၍ လည်းကောင်း၊  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဲစုမွန်က လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း ဟောပြောခဲ့ကြပါသည်။

လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မမငယ် ရှင်းလင်း ဟောပြောစဉ်

အခမ်းအနားကို ဒုတိယပိုင်း အစီအစဉ်အဖြစ် ဆက်လက် ကျင်းပရာ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ  တာဝန်ရှိသူများက တက်ရောက်လာသူများ၏ လက်ရှိ အသက်မွေးဝမ်းကျောင်းမှုအပေါ် အသက်မွေးဝမ်းကျောင်းသင်တန်းများ၏ အကျိုးသက်ရောက်မှု၊ ဖြည့်ဆည်းပေးအပ်ရန် လိုအပ်ချက်များနှင့်စပ်လျဉ်း၍ မေးမြန်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအနက် ၆၅ ဦးတို့က တိုင်းရင်းသားဒေသများ၏  ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်း မွေးခွန်းလွှာများကို ဖြေဆိုပေးခဲ့ကြပါသည်။

 

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးလှထွန်း၊ မင်းလှမြို့နယ် မဲဆန္ဒနယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့်  ဦးလှိုင်မြင့်သန်း၊ မင်းလှမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဝင်းလွင်ဌေး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ချင်း တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အရှို တိုင်းရင်းသား တိုင်းရင်းသူများ အပါအဝင် ၉၉ ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ယခု ကျင်းပသည့် အခမ်းအနားသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ ပြုလုပ်ရန် လျာထားသည့် “တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များအနက် ဒုတိယအကြိမ်မြောက် ကျင်းပသည့် အစီအစဉ်ဖြစ်သည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန)

Share: