တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ရေးမြို့နယ်၊ နှင်းစုံကျေးရွာ၌ ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် ၎င်း၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လုပ်ငန်းစဉ်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်များကို သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ ဒေသအသီးသီးတွင် ကျင်းပဆောင်ရွက်လျက်ရှိရာ အဆိုပါ အစီအစဉ်များအား မွန်ပြည်နယ်အတွင်း ၆ ကြိမ် ဆောင်ရွက်သွားရန် လျာထားသည့်အနက် ဒုတိယအကြိမ်မြောက် အစီအစဉ်ကို ရေးမြို့နယ်၊ နှင်းစုံကျေးရွာ၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် နှင်းစုံကျောင်းတိုက် ဦးစီးပဓာနနာယက ဆရာတော်ဘုရားက အဖွင့်ဩဝါဒကထာ မြွက်ကြားပြီးနောက် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်နှင့် ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး စောအောင်မြင့်ခိုင်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပါသည်။ ဆက်လက်၍ KNU တပ်မဟာ (၆) ဝင်း၊ ရေးမြို့နယ် တွဲဖက်အတွင်းရေးမှူး ဖဒိုစောအယ်ဒါးမှ လက်ရှိ ငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်မှု လုပ်ငန်းများနှင့် တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ရေးမြို့နယ်အတွင်း တိုင်းရင်းသားဒေသများအတွင်း စစ်တမ်းကောက်ယူခြင်းအားဖြင့် ဒေသအတွင်းရှိ လိုအပ်ချက်များကို ပိုမိုသိရှိပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်အထောက်အကူ ပြုနိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍လည်းကောင်း အသီးသီး ပြောကြားခဲ့ကြသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်က တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံ ဦးစီးအရာရှိ ဦးစောချစ်သန်းက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေများ၊ စစ်တမ်းမေးခွန်းလွှာပုံစံများနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းဆွေးနွေးခဲ့ကြပြီး စစ်တမ်းကောက်ယူခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် ပအိုဝ်း တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစောအောင်မြင့်ခိုင်၊ ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းနိုင်၊ KNU တပ်မဟာ (၆) ဝင်း ရေးမြို့နယ် တွဲဖက်အတွင်းရေးမှူး ဖဒိုစောအယ်ဒါး၊ တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ခံ ဦးစီးအရာရှိ ဦးစောချစ်သန်း၊ ဦးစီးအရာရှိ ဒေါ်ကြည်ကြည်ခင် နှင့် ရုံးဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆရာ၊ ဆရာမများ၊ ဒေသခံကရင်တိုင်းရင်းသား တိုင်းရင်းသူများ၊ စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်သူ ၅၀ ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို ဖြေဆိုပေးခဲ့ကြကြောင်း သတင်း ရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: