တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ် စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ အပါအဝင် သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများ၊ အစရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ လူထုအကြား ပိုမိုကျယ်ပြန့်စွာ သိရှိလာစေရန် ရည်ရွယ်ကာ တိုင်းရင်းသား အခွင့်အရေး ဆိုင်ရာပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော် အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စီစဉ် ကျင်းပလျက်ရှိသည်။

၂၀၂၀ ပြည့်နှစ်၊ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင်လည်း တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ သက်ဆိုင်ရာ လွှတ်တော်၊ အဖွဲ့အစည်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းကာ အဆိုပါ အစီအစဉ် တစ်ရပ်ကို သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်၊ သာပေါင်းမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကရင်စာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ကရင်၊ ဗမာနှင့် ရခိုင် စသည့် တိုင်းရင်းသားများပါဝင်သော ဒေသခံ တိုင်းရင်းသား စုစုပေါင်း ၁၀၀ ဦး တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူက အဖွင့်အမှာစကား ပြောကြားရာ တိုင်းရင်းသားများအနေဖြင့် ဥပဒေ၊ နည်းဥပဒေများပါ မိမိတို့၏ အခွင့်အရေးများကို သိရှိ နားလည်ရန်နှင့် ဆောင်ရန်ရှောင်ရန် အချက်များကို သိရှိထားမှသာ ဥပဒေနှင့်အညီ မိမိတို့၏ အခွင့်အရေးများကို ရယူဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ စစ်တမ်းမေးခွန်းများကို ဖြေဆိုရာတွင်လည်း မိမိနှင့် မိမိတို့ ရပ်ရွာ၏ ပကတိအခြေအနေများအတိုင်း ဖြေဆိုပေးကြရန်နှင့် အခြေအနေ မှန်ကို ဖြေဆိုပေးမှသာ မိမိတို့ရပ်ရွာမှာ လိုအပ်တဲ့ အသက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် အစစ်အမှန်ကို သိရှိရပြီး မိမိရပ်ရွာအတွက် အကျိုး ဖြစ်ထွန်းစေမည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားရာတွင် ဒေသခံတိုင်းရင်းသားများအနေဖြင့် တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများကို သိရှိနေမှသာ မိမိတို့ ရသင့်ရထိုက်သည့် အခွင့်အရေးများကို သိရှိပြီး အခွင့်အရေးနစ်နာဆုံးရှုံးမှုများရှိပါက တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်း ဖြေရှင်းတတ်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ သာပေါင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်ဟိန်းမင်းက နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင်လည်း တိုင်းရင်းသား လူမျိုးများအချင်းချင်း ချစ်ခင်ရင်းနှီးစွာနေထိုင်ကြရန်၊ ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းကြရန်နှင့် တိုင်းရင်းသားလူမျိုးများ အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အသိပညာပေးဟောပြောခြင်းနှင့် စစ်တမ်းကောက်ယူခြင်း လုပ်ငန်းများတွင် ဒေသခံ တိုင်းရင်းသားများ အားလုံး ပူပေါင်းပါဝင် ကူညီဆောင်ရွက်သွားကြရန် တိုက်တွန်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

ထို့နောက် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြား   ရေးမှူး ဒေါ်ရီရီဝင်းက ဝန်ကြီးဌာနပေါ်ပေါက်လာပုံနှင့် ဦးစီးဌာန ၂ ခု၏ လုပ်ငန်းဆောင် ရွက်မှုများကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မေသူပိုက တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ် စောင့်ရှောက်သည့် ဥပဒေပါ အကြောင်းအရာများ၊ လူ့အခွင့်အရေးနှင့် နိုင်ငံသားအခွင့်အရေးများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာများကို လည်းကောင်း၊ ဒုတိယဦးစီးမှူး ဦးမြင့်မောင်မောင်က တိုင်းရင်းသားအခွင့်အရေးကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်းက အမျိုးသမီးများအတွက် အခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေး၊ မသန်စွမ်းသူများအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒပါ တိုင်းရင်းသားများ၏ အခွင့်အရေးဆိုင်ရာများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်း မေးခွန်းလွှာပါ အချက်အလက်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသူ ၇၀ ဦးတို့က စစ်တမ်း‌‌မေးခွန်းလွှာများကို ‌ဖြေဆိုပေးခဲ့ကြသည်။

ယခုကျင်းပသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဒုတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သတင်း ရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: