ရှမ်းပြည်နယ်တွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြော၍ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို စစ်တမ်းကောက်ယူ

နေပြည်တော်၊ မတ် ၁၀

တိုင်းရင်းသားအခွင့်အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနှင့် ရှမ်းပြည်နယ် အစိုးရအဖွဲ့ အဖွဲ့အစည်းများနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း ကျင်းပသည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၉ ရက်နေ့တွင် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင် တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးဇုတ်ဒေါင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ညွှန်ကြားရေးမှူးရုံးမှ ပြည်နယ်တာဝန်ခံ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်နန်းလောဝ်ဟွမ်မှ ဝန်ကြီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊  တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးစိုင်းဖုန်းကျော်က ရှမ်းပြည်နယ်အရှေ့ပိုင်းမှ တိုင်းရင်းသား မျိုးနွယ်စုများ၏ နေပြည်တော်၊ ရန်ကုန် လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍လည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲသဲမာက တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ ဝန်ကြီးဌာန၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များအားလည်းကောင်း၊ ဦးစီးအရာရှိ ဦးနေထွန်းဦးက ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေ၊ မြန်မာ့ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒ၊ မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေနှင့် လူငယ်ရေးရာမူဝါဒပါ တိုင်းရင်းသားများ၏ အခွင့်အရေးများနှင့် လူမှုဝန်ထမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ရွာလူထုအတွက် သက်မွေးဝမ်းကျောင်း သင်တန်းများရရှိမှု၊ အသုံးချမှု၊ အကျိုး သက်ရောက်မှုနှင့် လိုအပ်မှုအခြေအနေများနှင့် စပ်လျဉ်းသည့် စစ်တမ်းမေးခွန်းလွှာနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းများ ကိုဆောင်ရွက်ပြီး စစ်တမ်းများ ကောက်ယူခဲ့ရာ တိုင်းရင်းသား တိုင်းရင်းသူ ၇၃ ဦးတို့က စစ်တမ်းများကို စိတ်ပါဝင်စားစွာ ဖြေဆိုပေးခဲ့ကြောင်း သိရှိရပါသည်။

အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ကချင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးဇုတ်ဒေါင်၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ တိုင်းနေ၊ တိုင်းလိ (လိရှမ်း)၊ တိုင်းလုံ (ရှမ်းကြီး)၊ တိုင်းလွယ်၊ ဗမာ၊ လားဟူ၊ ကွီ၊ အဲန်၊ ဝ၊ အားခေ၊ အာခါ၊ လီဆူ၊ ပလောင်၊ ဂုံရှမ်းနှင့် ရှမ်းပြည်နယ် တောင်ပိုင်းမှ ပအိုဝ်းနှင့် ကချင်  တိုင်းရင်းသား တိုင်းရင်းသူများ အပါအဝင်   စုစုပေါင်း ၉၀ ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပြီး အဆိုပါ အစီအစဉ်ကို ရှမ်းပြည်နယ်၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဆောင်ရွက်ကျင်းပခြင်းဖြစ်ကာ ယခုဘဏ္ဍာရေးနှစ်အတွင်း၌ပင် ရှမ်းပြည်နယ်တွင် ၅ ကြိမ် ထပ်မံ၍ ကျင်းပဆောင်ရွက်သွားရန် လျာထားကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: