စစ်တွေမြို့တွင် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို သုံးကြိမ်မြောက် စစ်တမ်းကောက်ယူ

နေပြည်တော်၊ မတ် ၁၂

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် ရခိုင်ပြည်နယ်တွင် ဆောင်ရွက်ရန် လျာထားသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေး ဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း တတိယအကြိမ်မြောက် အစီအစဉ်ကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ လွှတ်တော်နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုဖြင့် စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၆ ရက်နေ့က ကျင်းပ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး  ဦးပုန်ဘွေက အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ဆက်လက်၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်သိန်းဦးက တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနအကြောင်း မိတ်ဆက် ခြင်း၊ တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေးကာကွယ်စောင့်ရှောက်သည့် ဥပဒေ၊ နည်းဥပဒေနှင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာများကို အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် ရခိုင် ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံးက သက်ကြီးရွယ်အိုများ ၏အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းသူများ၏အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒ၏ ရည်ရွယ်ချက်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့်စပ်လျဉ်းသည့် အကြောင်းအရာများကို ဟောပြောခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ရွာအခြေပြုသက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း စစ်တမ်းမေးခွန်းလွှာအား ရှင်းလင်းခြင်းနှင့် သက်မွေးဝမ်းကျောင်း သင်တန်းများ ရရှိမှု၊ အသုံးချမှု၊ အကျိုးသက်ရောက်မှု၊ လိုအပ်မှု စသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ကြပါသည်။

အခမ်းအနားသို့  ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးပုန်ဘွေ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မင်းပြားမြို့နယ်နှင့် မြေပုံမြို့နယ်တို့မှ ဒေသခံ တိုင်းရင်းသား လေးတူချင်း၊ ဇုမ်းတူချင်း၊ အရှိုချင်း နှင့် လိုင်ဆောချင်း တိုင်းရင်းသား စုစုပေါင်း ၅၁ ဦးတို့ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသူများအနက် ၃၇ ဦးထံမှ စစ်တမ်းများ ကောက်ယူ နိုင်ခဲ့ပါသည်။

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနအနေဖြင့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ၆ ကြိမ်ကို ရခိုင်ပြည်နယ်အတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားရန် လျာထားကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: