ဖလမ်းမြို့နယ်၊ ရိခေါဒါရ်တွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြော၍ သက်မွေးဝမ်းကျောင်းပညာ လိုအပ်ချက်တို့ကို စတုတ္ထအကြိမ် စစ်တမ်းကောက်ယူ

နေပြည်တော်၊ မတ်လ ၁၂ရက်

တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနသည် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း စတုတ္ထအကြိမ်မြောက် အစီအစဉ်ကို တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရိခေါဒါရ်မြို့၊ အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရိခေါဒါရ်မြို့၊ အုပ်ချုပ်ရေးမှူး ဦးကျင့်လမ်းခိုင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး တာဝန်ခံအရာရှိ ဦးထန်မွမ်းခိုင်မှ ဝန်ကြီးဌာနမိတ်ဆက်ခြင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေ၊ နည်းဥပဒေများနှင့် ဆက်စပ်ဥပဒေများ၊ မူဝါဒနှင့် လုပ်ငန်းစဉ်များပါ တိုင်းရင်းသားအခွင့်အရေးများ၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက် ရှိသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေ၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ အမျိုးသမီး အခွင့်အရေးနှင့် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာဥပဒေများနှင့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရိခေါဒါရ်မြို့ ဦးစီးမှူး ဦးလာလ်ပက်လောမ်မှ နိုင်ငံတော်အစိုးရ၏ တိုင်းရင်းသားပြည်သူများအတွက် ဆောင်ရွက်ပေးမှုများကို ဒေသခံပြည်သူများ နားလည်စေရန် ဟွာလ်ငိုဘာသာစကားဖြင့် ဘာသာဖြင့်လည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြပြီးနောက် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စစ်တမ်းမေးခွန်းလွှာပါ အချက်အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းခြင်းနှင့် အုပ်စုဖွဲ့ ဆွေးနွေးခြင်းတို့ကို ပြုလုပ်ပြီးနောက် တက်ရောက်လာသူများထံမှ စစ်တမ်းများ ကောက်ယူခဲ့ကြောင်း သိရှိရသည်။

အခမ်းအနားသို့ ရိခေါဒါရ်မြို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျင့်လမ်းခိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရိခေါဒါရ်မြို့အခြေစိုက် ဟွာလ်ငို လူမှုရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်  ၂ ခုမှ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ ဟွာလ်ငို၊ ဇိုမီး၊ လိုင်ဇိုး၊ ငွေါန်း တိုင်းရင်းသားပြည်သူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပြီး တိုင်းရင်းသားတိုင်းရင်းသူ ၆၀ ဦးတို့က စစ်တမ်းမေးခွန်းများကို ဖြေဆိုပေးခဲ့ကြသည်။

 

ယခု အခမ်းအနားသည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ချင်းပြည်နယ်၌ စတုတ္တအကြိမ်အဖြစ် ကျင်းပသည့် အခမ်းအနား ဖြစ်ကာ ယခုဘဏ္ဍာနှစ်အတွင်း၌ပင် ယင်းကဲ့သို့အခမ်းအနားများကို ချင်းပြည်နယ်အတွင်းရှိ တွန်းဇံမြို့နယ်နှင့် မတူပီမြို့နယ်များတွင် ထပ်မံ ဆောင်ရွက်သွားရန် စီစဉ်ထားရှိကြောင်း သတင်းရရှိသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: