ကျောက်ဆည်မြို့တွင် တိုင်းရင်းသားအခွင့်အရေးများဆိုင်ရာ ပညာပေးဟောပြော၍ ရပ်ရွာအခြေပြု အသက်မွေး ဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်

နေပြည်တော်၊ မတ်လ ၁၃ ရက်

မန္တလေးတိုင်းဒေသကြီး၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး တာဝန်ခံနှင့်အတူ တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြသည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေး ဝမ်းကျောင်းပညာ လိုအပ်ချက်ဆန်းစစ်စီမံခြင်း အစီအစဉ် တစ်ရပ်ကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ညောင်ခြောက်ပင်ရပ်ကွက်ရှိ ရွှေဖောင်ဒေးရှင်းခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၂  ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့် ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များ၊ သက်ကြီးပင်စင်၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး၊ လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ လူငယ်ရေးရာမူဝါဒများ၊ အခြေခံမူများ အစရှိသည့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံးနှင့် သက်ဆိုင်သည့် အခွင့်အရေးများနှင့် စပ်လျဉ်း၍ ဒေသအသီးသီးမှ တိုင်းရင်းသား လူမျိုးများအကြား ကျယ်ပြန့်စွာ သိရှိနားလည်လာစေရန် ရည်ရွယ်ကာ အဆိုပါ အစီအစဉ်ကို ကျင်းပခြင်း ဖြစ်ပြီး အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးအောင်ကြည်၊ စဉ့်ကိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်၊ ကျောက်ဆည်ခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အမျိုးသမီးလုပ်ငန်းကော်မတီ အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများ၊ ဒေသခံတိုင်းရင်းသားများ အပါအဝင် စုစုပေါင်း ၉၀  ဦး  တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

အခမ်းအနားတွင် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က အဖွင့်အမှာစကား ပြောကြားကာ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့်ဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့် စပ်လျဉ်း၍ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးမှ တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းညိုက လည်းကောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ၁၉၈၂ ခုနှစ် မြန်မာ နိုင်ငံသားဥပဒေနှင့် ကမ္ဘာ့ လူ့အခွင့်အရေးကြေညာစာတမ်းပါ လူ့အခွင့်အရေးများနှင့် ပတ်သက်၍ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းနုဝေကလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေ၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ၊ အမျိုးသမီးအခွင့်အရေးနှင့် မသန်စွမ်းသူများ၏အခွင့်အရေးဆိုင်ရာ ဥပဒေများနှင့် လူမှုကာကွယ်စောင့် ရှောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများကို မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၊  လက်ထောက်ညွှန်ကြားရေးမှူး ဦးညီညီစိုးကလည်းကောင်း အသီးသီး ဟောပြောခဲ့ကြပါသည်။

ထို့နောက် တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက စစ်တမ်းမေးခွန်းလွှာအား ရှင်းလင်းခြင်း၊ တက်ရောက်လာသူများနှင့် အုပ်စုဖွဲ့ တွေ့ဆုံ ဆွေးနွေးခြင်းများကို ဆောင်ရွက်ကြကာ ၎င်းတို့၏ သက်မွေးဝမ်း ကျောင်းသင်တန်းများရရှိမှု၊ အသုံးချမှု၊ အကျိုးသက်ရောက်မှုနှင့် လိုအပ်မှု အခြေအနေ များနှင့်စပ်လျဉ်း၍ တိုင်းရင်းသား တိုင်းရင်းသူ ၆၆ ဦးတို့က စစ်တမ်းမေးခွန်းလွှာများကို စိတ်ပါဝင်စားစွာ ဖြေဆိုပေးခဲ့ကြကြောင်း သတင်းရရှိသည်။

 (တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန)

Share: