မကွေးတိုင်းဒေသကြီးအတွင်း တတိယအကြိမ် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်းပညာလိုအပ်ချက် ဆန်းစစ်စီမံခြင်း အစီအစဉ်ကို အောင်လံမြို့တွင် ကျင်းပ

နေပြည်တော်၊ မတ်လ ၁၆

မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ အားလုံးတို့နှင့် သက်ဆိုင်သည့် တိုင်းရင်းသား အခွင့်အရေးဆိုင်ရာများကို ပညာပေးဟောပြောခြင်းနှင့်အတူ တိုင်းရင်းသားဒေသများတွင် အသက်မွေးဝမ်းကျောင်းပညာလိုအပ်ချက်တို့ကို ဆန်းစစ်လေ့လာ၍ ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်သည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာ အခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း တတိယအကြိမ်မြောက် အစီအစဉ်ကို တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် သက်ဆိုင်ရာဒေသရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများ၊ လွှတ်တော်အသီးသီးမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ပူးပေါင်းကာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၊ ငမဲကန်အုပ်စု၊ မင်းကန်(မြောက်ရွာ)၊ နှစ်ခြင်းခရစ်ယာန်အစည်းအဝေးခန်းမ၌ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၁၃ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အဆိုပါအခမ်းအနားတွင် အောင်လံမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်နှင့် အောင်လံမြို့နယ် ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်စိုးထွန်းတို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ကြသည်။

ဆက်လက်၍ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်မွန်မွန်အေးက တိုင်းရင်းသားစာပေနှင့် စပ်လျဉ်း၍လည်းကောင်း၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတာဝန်ခံ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်ခင်စန်းလင်းက ဝန်ကြီးဌာနမိတ်ဆက်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်သည့် နည်းဥပဒေ၊ စစ်တမ်းကောက်ယူမည့် အချက်အလက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ မကွေးတိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မမငယ်က အမျိုးသမီး၊ မသန်စွမ်းနှင့် ကလေးသူငယ်အခွင့်အရေး၊ လူငယ်ရေးရာမူဝါဒပါ တိုင်းရင်းသားအခွင့်အရေးများအား လည်းကောင်း၊  တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သဲစုမွန်က လူ့အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေး၊ တိုင်းရင်းသားလူမျိုး များ၏ အခွင့်အရေးကာကွယ်စောင့်ရှောက်သည့်ဥပဒေပါ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးနှင့် ရပိုင်ခွင့်များ၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်း တင်ပြခဲ့ကြပါသည်။

အခမ်းအနား ဒုတိယပိုင်း အစီအစဉ်အဖြစ် တက်ရောက်လာသူများက ရပ်ရွာအခြေပြု အသက်မွေးဝမ်းကျောင်းပညာလိုအပ်မှု ဆန်းစစ်ချက် စစ်တမ်း မေးခွန်းလွှာအား ဖြေဆိုကြပြီး အသက်မွေးဝမ်းကျောင်း လုပ်ငန်းအပေါ် အသက်မွေးဝမ်းကျောင်းသင်တန်းများ၏ အကျိုးသက်ရောက်မှုနှင့် စပ်လျဉ်း၍ အသေးစိတ် သိရှိလိုသည်များကို တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနမှ  တာဝန်ရှိသူများက အခမ်းအနား တက်ရောက်လာသူများအား မေးမြန်း လေ့လာခဲ့ကြပါသည်။

အခမ်းအနားသို့ အောင်လံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသည့်  ဦးအေးကျော်၊ အောင်လံမြို့နယ် ဒု-မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြမင်းကျော်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ တိုင်းရင်းသား အခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊  ချင်းတိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု ကော်မတီဝင်များ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် “အရှို” တိုင်းရင်းသား တိုင်းရင်းသူများ အပါအဝင် ၁၂၇ ဦး တက်ရောက်ခဲ့ကြပြီး ယင်းတို့အနက် ၇၀ ဦး ထံမှ စစ်တမ်း များ ကောက်ယူနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

ယခု အစီအစဉ်သည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မကွေးတိုင်းဒေသကြီး၌ ပြုလုပ်မည့် တိုင်းရင်းသားအခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောခြင်းနှင့် ရပ်ရွာအခြေပြု သက်မွေးဝမ်းကျောင်း ပညာလိုအပ်ချက်တို့ကို ဆန်းစစ်စီမံခြင်း အစီအစဉ် ၆ ကြိမ်အနက် တတိယအကြိမ် ဖြစ်ကာ ထပ်မံ၍ နှစ်ကြိမ် ဆောင်ရွက်သွားရန် ကျန်ရှိကြောင်း သိရှိရသည်။

(တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန)

Share: